နေပြည်တော်၊ ဇန်နဝါရီ   ၂၅

 

တပ်မတော်(ရေ)  အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၈၃)၊ တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၇) နှင့်     တပ်မတော်(ရေ) အမျိုးသမီး   အရာရှိငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်   သန်လျင်တပ်နယ်ရှိ  ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပရာ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး   ဇေယျကျော်ထင် ဇွဲဝင်းမြင့် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ဇွဲဝင်းမြင့်က ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ် (ရေ) အား အနှေး လျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ် (ရေ) က တပ်မတော် (ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၈၃) မှ အကောင်းဆုံး ကျောင်းသားဆုရရေ ၅၆၉၃ ဗိုလ်လင်းအောင်နိုင်နှင့် ရေကြောင်းပညာ စာပေထူးချွန်ဆုရ ရေ ၅၆၉၄ ဗိုလ်ဝင်းဇော်ဟိန်းတို့ကိုလည်းကောင်း၊ တပ်မတော် (ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၇) မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၇၃၇ ဗိုလ်အောင်မြတ်နှင့် ရေကြောင်းအင်ဂျင်နီယာပညာစာပေထူးချွန်ဆုရ ရေ ၅၇၃၃ ဗိုလ်ကျော်ဇင်သက် တို့ကိုလည်းကောင်း၊ တပ်မတော် (ရေ) အမျိုးသမီးအရာရှိငယ် သင်တန်း အမှတ်စဉ် (၉) မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၇၄၃ ဗိုလ် ဒေါ်ဖူးမော်သန်းနှင့် ရေကြောင်းပညာ စာပေထူးချွန်ဆုရ ရေ ၅၇၃၉ ဗိုလ် ဒေါ်ခက်ခက်ဦး တို့ကိုလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် သင်တန်းက သင်ကြားပေးလိုက်သည့် ရေတပ် ပညာရပ်များသည် ရေတပ်သားကောင်းတစ်ယောက် ပီသစွာ ပင်လယ်ပြင် တာဝန်ထမ်းဆောင်မှု (Afloat Duty) ကို ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ခံနိုင်ရည်ရှိအောင် လေ့ကျင့်ရမည်ဖြစ်ပြီး လေ့ကျင့်ရာတွင် ကိုယ်ခန္ဓာကြံ့ခိုင်မှုသာမက စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ တည်ဆောက် သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ) ကို တိုက်ပွဲဝင်အသင့် ရေတပ်အဖြစ် တည်ဆောက်လျက်ရှိရာ စစ်ရေ ယာဉ်များတွင် တာဝန်ထမ်းဆောင်ကြရမည့် ရဲဘော်များ အနေဖြင့်လည်း မိမိတို့၏ပညာရပ် ပိုင်းဆိုင်ရာအလိုက် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာလေ့ကျင့်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်လုပ်သူများ အနေဖြင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ တွေးခေါ်မြော်မြင် နိုင်ရန်အတွက် ဗဟုသုတများ ကြွယ်ဝစေရန် လိုအပ်ပြီး အမြဲတမ်း စာပေဖတ်ရှု လေ့လာသွားကြရန် လိုအပ်ကြောင်း၊ ပေးအပ်သော တာဝန်များကို အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွား ကြရာတွင် ခေါင်းဆောင်လုပ်သူ၏ အတတ်ပညာပိုင်းဆိုင်ရာပြည့်ဝမှု (Proficiency)က အရေးပါသည့်အတွက် တစ်ဦးချင်းလေ့လာမှု အားကောင်းမှသာ တွေးခေါ်ကြံစည်မှုများ ကောင်းမွန်လာမည် ဖြစ်သဖြင့် တစ်ဦးချင်းအနေဖြင့် မိမိတို့ဘဝ တိုးတက်ရေးအတွက် လေ့လာအားထုတ် ကြိုးပမ်းသွား ကြရန်လိုကြောင်း။

တပ်မတော်(ရေ) အနေဖြင့် နိုင်ငံတော်အား ရှေ့တန်းကျကျ ကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်နိုင်ရမည်၊ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင် နိုင်စွမ်းရှိရမည်ဆိုသည့် ရည်မှန်းချက်တာဝန်များ ထားရှိ၍ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရမည် ဟူသော တပ်မတော်၏ ရည်မှန်းချက် တာဝန်များကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်(ရေ)ရှိ စစ်ရေယာဉ်များဖြင့် ရေပြင်စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေးတို့တွင် အောင်မြင်မှုများရရှိစေရန် ရေယာဉ် တစ်စင်းချင်းစီအလိုက်သော်လည်းကောင်း၊ ရေယာဉ်အုပ်အလိုက်သော်လည်းကောင်း လေ့ကျင့်သည် သာမက နှစ်စဉ်စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ် ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း(Com-bined Fleet Exercise)များကို ၂၀၁၄ ခုနှစ်မှစတင်၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့်အိမ်နီးချင်းရေတပ်များ၌ ကျင်းပပြုလုပ်ခဲ့သည့် ပင်လယ်ပြင်လေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပင်လယ်ပြင် နယ်နိမိတ် တစ်လျှောက် ပူးတွဲကင်းလှည့်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း။

လက်ရှိ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး အခြေအနေအရ တပ်မတော်(ရေ)သည် တပ်မတော် (ကြည်း)၊ တပ်မတော်(လေ)တို့နှင့် အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် စစ်ဆင်ရေး၊ စစ်ဘက်သယ်ယူပို့ဆောင်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပေး လျက်ရှိကြောင်း၊ ခေတ်သစ်စစ်ပွဲ များ၏ သဘောသဘာဝအရ တပ်ဖွဲ့အချင်းချင်း ပေါင်းစပ် ညှိနှိုင်း၍ စစ်ဆင်ရေးများ ဆောင်ရွက်မှသာ အောင်ပွဲရရှိမည် ဖြစ်သည့်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများတွင် တပ်မတော် (ရေ) အနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။

၂ဝ၂၃ ခုနှစ် မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်းသို့ အလွန့်အလွန်အားကောင်းသည့် မိုခါ မုန်တိုင်းသည် စစ်တွေမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းပြီးပြီးချင်း တပ်မတော် (ရေ)မှ စစ်ရေယာဉ်များဖြင့် စားသောက်ကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ချက်ချင်းပို့ဆောင်နိုင်ခဲ့ကြောင်း၊ မုန်တိုင်းပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးကာလတွင်လည်း ရန်ကုန်မှ ရခိုင်ပြည်နယ်အတွင်းသို့ စုစုပေါင်း ကုန်ပစ္စည်းတန်ချိန် ၉၀၀၀ ကျော်ကို စစ်ရေယာဉ် ၄၉ စင်းဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) သင်တန်းဆင်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်က ချမှတ်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ အပါအဝင် နိုင်ငံတော်ကပြဋ္ဌာန်းထား သည့် ဥပဒေနှင့် စည်းကမ်းများ ကိုလည်း စံနမူနာပြ လေးစားလိုက်နာကျင့်သုံးပြီး လက်အောက် ငယ်သားများကိုပါ လိုက်နာမှု ရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရာတွင် မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိအလုပ်၊ နိုင်ငံတော် နှင့် တပ်မတော်အပေါ် သစ္စာရှိရန်၊ မိမိကိုယ်တိုင်သာမက နိုင်ငံတော် နှင့် တပ်မတော်အပေါ် ယုံကြည်ချက်၊ ခံယူချက်မြင့်မားစွာထားရှိရန်လိုကြောင်း အထူးအလေးအနက်ထား မှာကြားချက်နှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မြွက်ကြားခဲ့ကာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများအရ တပ်မတော်(ရေ) အနေဖြင့် ပင်လယ်ပြင်စစ်ဆင်ရေးသာမက မြစ်တွင်းစစ်ဆင်ရေး (Riverine Operation) များကိုပါ ဆင်နွှဲနေခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သည့် ခေါင်းဆောင်များ ဖြစ်ကြစေရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီ အနေအထား၊ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင်၏ အရေးပါမှုများကို သိရှိထားရန်လိုအပ်ကြောင်း၊ နိုင်ငံအကျိုးစီးပွားကို အထောက်အကူပြုသည့် မိမိတို့နိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားကို ကာကွယ်ရာတွင် ကုန်သွယ်ရေလမ်းကြောင်းများနှင့် ဆိပ်ကမ်း လုံခြုံရေးအတွက် တပ်မတော် (ရေ)က ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကုန်သွယ်မှု ကွန်ရက်ကို အထောက်အကူပြုသည့် မြစ်ချောင်းများ ထိန်းသိမ်းရေး ကဏ္ဍများ၌လည်း တပ်မတော် (ရေ) အနေဖြင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။ အခမ်းအနားအပြီး တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် အခမ်းအနားသို့ တက်ရောက်လာသော အရာရှိကြီးများသည် ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်