ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးမှု ၂၇၈၄၀ ရှိလာ

ဖေဖော်ဝါရီ ၉

ဂါဇာကမ်းမြောင်ဒေသတွင်လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား ၁၃၀ သေဆုံးပြီး အခြား ၁၇၀ ဒဏ်ရာရရှိကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်က စတင်သော အစ္စရေး-ဟားမတ်စ် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ပါလက်စတိုင်းသေဆုံးသူဦးရေ ၂၇၈၄၀၊ ဒဏ်ရာရရှိသူ ၆၇၃၁၇ ဦး ရှိလာကြောင်း ထိုဝန်ကြီးဌာနကထပ်လောင်းပြောသည်။ အစ္စရေး၏ပြင်းထန်သောဗုံးကြဲတိုက်ခိုက်မှုနှင့် အရပ်ဘက်ကာကွယ်ရေးနှင့် လူနာတင်ကားများ နည်းပါးသဖြင့် ထိခိုက်ဒဏ်ရာသူအချို့သည် အပျက်အစီးများအောက်တွင် ရှိနေကြဆဲဖြစ်သည်ဟုသိရသည်။ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကုလသမဂ္ဂအထူးညှိနှိုင်းရေးမှူး Tor Wenneslandက Rafah ဒေသတွင် အစ္စရေး၏မည်သည့်စစ်ရေးလှုပ်ရှားမှုမဆိုဆန့်ကျင်ကြောင်း သတိပေးပြောကြားပြီး ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသည်။ Rafah ဒေသသည် ဂါဇာဒေသ၏တောင်ဘက်ဆုံးကျသောမြို့ဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ နှစ်သန်းကျော်၏ ထက်ဝက်ကျော်ရှိပြီး အစ္စရေးစစ်တပ်၏ဘေးကင်းသောနယ်မြေအဖြစ် ယခင်ကသတ်မှတ်ထားသော နယ်မြေတစ်ခုဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးစစ်တပ်သည် Rafah ဒေသတွင် စစ်ဆင်ရေးဆောင်ရွက်ရန်ပြင်ဆင်နေသည်ဟု ဖေဖော်ဝါရီ ၇ ရက်ကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို