အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးယှဉ်ပြိုင်မှုများ

 

သက်ဦး

 

ဩစတြေးလျနိုင်ငံမှ Think Tank အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Australian Strategic Policy Institute (ASPI) က အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာက ဆောင်ရွက်နေတဲ့ သုတေသနလုပ်ငန်းတွေကို လေ့လာခဲ့ပြီး မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ စာတမ်းတစ်စောင်ဟာ အံ့ဩထူးဆန်းဖွယ်မဟုတ်သော်လည်း နိုင်ငံတကာက အလေးထားလာရတဲ့တွေ့ရှိချက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

စွမ်းဆောင်ရည်မြင့်မားတဲ့ ရလဒ်တွေရရှိစေမယ့် သုတေသနလုပ်ငန်းတွေ

အဲဒီစာတမ်းမှာ ဖော်ပြခဲ့တဲ့ တွေ့ရှိချက်က အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာက ဆောင်ရွက်နေရာမှာ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာကဏ္ဍ ၄၄ ခုအနက် ၃၇ ခု မှာ တရုတ်နိုင်ငံက ရှေ့တန်းကနေ ဦးဆောင်နေ တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ASPI ရဲ့ သုံးသပ်ဖော်ပြချက်မှာ တရုတ်နိုင်ငံဟာ အနာဂတ်ကာလမှာ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ မဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ဦးဆောင် ရပ်တည်သွားနိုင်ဖို့ လိုအပ်တဲ့အခြေခံတွေကို ချမှတ်တည်ဆောက်နေကြောင်း၊ အထူးသဖြင့် အရေးပါတဲ့ နည်းပညာနဲ့ နောက်ဆုံးပေါ်နည်းပညာကဏ္ဍ အတော်များများမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ရလဒ်တွေ ရရှိစေမယ့် သုတေသနလုပ်ငန်းတွေကို မထင်မှတ်ဖွယ်ရာ ဦးဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။

ASPI ကဖော်ပြခဲ့တဲ့ နောက်ဆုံးပေါ် နည်းပညာ ကဏ္ဍတွေက ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့် နည်းပညာကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍ၊ စက်ရုပ်နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍ၊ ဇီဝနည်းပညာ ကဏ္ဍ၊ ဉာဏ်ရည်တုနည်းပညာကဏ္ဍ (Artificial Intelligence-AI)၊ အဆင့်မြင့်ဒြပ်ပစ္စည်း (Advanced materials) နည်းပညာကဏ္ဍနဲ့ ကွမ်တမ်နည်းပညာ ကဏ္ဍတို့ပဲဖြစ်ပါတယ်။

ASPI ဟာ အခုထုတ်ပြန်တဲ့ စာတမ်းအတွက် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ တစ်ကမ္ဘာလုံးက ပြုလုပ်ခဲ့တဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်းတွေအနက်မှ အများဆုံးရည်ညွှန်းကိုးကားခံခဲ့ရတဲ့ သုတေသနစာတမ်း ၁၀ ရာခိုင်နှုန်းကို စုဆောင်းခွဲခြမ်းစိတ်ဖြာလေ့လာခဲ့တာဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာ လေ့လာမှုတွေရဲ့ အကျိုးရလဒ်ကို ခွဲခြမ်းစိတ်ဖြာရာမှာ အသုံးပြုတဲ့ H-index လို့ခေါ်တဲ့ စွမ်းဆောင်ရည် စစ်တမ်းကိုလည်း အသုံးပြုခဲ့သလို နိုင်ငံတစ်နိုင်ငံချင်းအလိုက် တကယ့်ထိပ်တန်းသုတေသနအဖွဲ့အစည်းတွေရဲ့ အရေအတွက်စတဲ့အချက်တွေကိုပါ ထည့်သွင်း စဉ်းစားခဲ့တာဖြစ်ပါတယ်။

 

mdn

 

ASPI ရဲ့ သုတေသနစစ်တမ်းအရဆိုရင် တရုတ်နိုင်ငံဟာ သူနဲ့အနီးစပ်ဆုံးယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံထက်တောင် အကျိုးရလဒ် အများအပြားရရှိနိုင်တဲ့ သုတေသနပြုလုပ်မှုတွေကို ငါးဆပိုမိုများပြားစွာ ပြုလုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ တရုတ်နိုင်ငံက ဦးဆောင်ကဏ္ဍမှာရှိနေတဲ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာကဏ္ဍ ၃၇ ခုအနက် ကဏ္ဍရှစ်ခုဖြစ်တဲ့ အနုစိတ်သေးငယ်တဲ့ ဒြပ်ပစ္စည်း နည်းပညာကဏ္ဍ (Nanomaterials) မှာ ထုတ်လုပ် ရေးနဲ့ ပါးလွှာတဲ့ အပေါ်ယံအကာအကွယ်မျက်နှာပြင် တည်ဆောက်ခြင်း၊ 5G နဲ့ 6G အပါအဝင် အဆင့်မြင့် ရေဒီယိုကြိမ်နှုန်း ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဟိုက်ဒရိုဂျင်နဲ့ အမိုးနီးယားက စွမ်းအင်ထုတ်လုပ်မှု နည်းပညာကဏ္ဍ၊ အင်အားကြီးမားတဲ့တစ်ပိုင်း လျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးနည်းပညာကဏ္ဍ၊ လျှပ်စစ်ဘက်ထရီများ ထုတ်လုပ်ရေးကဏ္ဍ၊ အဆင့်မြင့်ဇီဝနည်းပညာကဏ္ဍနဲ့ အပူအာရုံခံ အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုကဏ္ဍတွေမှာ တရုတ်နိုင်ငံဟာ နိုင်ငံတကာဈေးကွက်ကို လက်ဝါးကြီးအုပ် ထုတ်လုပ်ရောင်းချနိုင်တဲ့ အနေ အထားနီးပါးအထိ ရောက်ရှိနေကြောင်း ဖော်ပြထားပါတယ်။

ASPI ရဲ့ ဖော်ပြချက်အရ အမေရိကန်နိုင်ငံဟာ နည်းပညာကဏ္ဍအများအပြားမှာ သုတေသနနဲ့ ပတ်သက်ရင် ဒုတိယအဆင့်အမြင့်မားဆုံးအနေ အထားမှာရှိပြီး တရုတ်နိုင်ငံက ဦးဆောင်အနေအထားမှာ မရှိတဲ့ကဏ္ဍတိုင်းမှာ အမေရိကန်က ဦးဆောင်နေတဲ့ အခြေအနေမှာရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီကဏ္ဍတွေကတော့ စွမ်းဆောင်ရည်မြင့်မားသည့် နည်းပညာသုံးတွက်ချက်ခြင်း (High performance computing)၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဘာသာရပ်အတွက် ပေါင်းစည်းလျှပ်စီး ပတ်လမ်းဒီဇိုင်းရေးဆွဲခြင်း၊ ဘာသာစကားနှင့် အဆင့်မြင့်နည်းပညာ ပေါင်းစည်းဆောင်ရွက်ခြင်း ကဏ္ဍ၊ ကွမ်တမ်တွက်ချက်မှု နည်းပညာကဏ္ဍ၊ ကာကွယ်ဆေးနဲ့ ဆေးပညာကဏ္ဍ၊ အသေးစား ဂြိုဟ်တုများထုတ်လုပ်ခြင်းနဲ့ အာကာသယာဉ် လွှတ်တင်ခြင်းနည်းပညာကဏ္ဍတွေဖြစ်ပါတယ်။

သိပ္ပံအကယ်ဒမီဟာ အဆင့်မြင့်နည်းပညာကဏ္ဍ ၄၄ ခုအနက် ကဏ္ဍ ၂၇ ခု

အဆင့်မြင့်နည်းပညာကဏ္ဍ သုတေသနလုပ်ငန်းရပ်တွေမှာ တရုတ်နိုင်ငံနဲ့ အမေရိကန် နိုင်ငံတို့ဟာ နောက်တစ်ဆင့်မှာရှိနေကြတဲ့ အိန္ဒိယ၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ဩစတြေးလျ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့ထက်စာရင် ရှေ့ကိုအတော်လေးခရီးရောက်နေကြတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ASPI ရဲ့ သုတေသနစစ်တမ်းမှာ တက္ကသိုလ်တွေ၊ အဆင့်မြင့်ပညာရေးသုတေသန အဖွဲ့အစည်း တွေကိုလည်း ထည့်သွင်းလေ့လာဆန်းစစ်ခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ တရုတ်နိုင်ငံက သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) ဟာ အဆင့်မြင့်နည်းပညာကဏ္ဍ ၄၄ ခုအနက် ကဏ္ဍ ၂၇ ခုမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ အဖွဲ့အစည်းအဖြစ်ဖော်ပြခံခဲ့ရပါတယ်။ ကွမ်တမ်နည်းပညာနဲ့ ပတ်သက်ရင် ကဏ္ဍအတော်များများမှာ နယ်သာလန်နိုင်ငံက Delft University of Technology က နာမည်ကောင်း ရရှိနေပါတယ်။ ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်လာရင်တော့ အမေရိကန်နည်းပညာကုမ္ပဏီတွေ ဖြစ်ကြတဲ့ Google၊ Microsoft၊ Facebook၊ Hewlett Packard နဲ့ IBM ကုမ္ပဏီတွေက အောင်မြင်မှုရရှိနေပါတယ်။

ASPI ရဲ့ သုတေသနစစ်တမ်း

အကျိုးရလဒ်အများအပြားရရှိနိုင်တဲ့ သုတေ သနပြုလုပ်မှုတွေ ဆောင်ရွက်နိုင်ခြင်းကြောင့် အဲဒီ ကဏ္ဍတွေမှာ ထုတ်လုပ်မှုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးလည်း ASPI ဟာ ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ သူ့ရဲ့စစ်တမ်းထဲမှာတော့ သုတေသနလုပ်ငန်းတွေမှာ ထူးချွန်တဲ့ရလဒ်တွေ ရရှိမှုဟာ လက်တွေ့ထုတ်လုပ်မှုတွေ ထုတ်လုပ်နိုင်တာနဲ့ ကွာခြားမှုတွေ ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အခုလိုအဆင့်မြင့် နည်းပညာကဏ္ဍသုတေ သနလုပ်ငန်းတွေမှာ ဦးဆောင်နေရတဲ့ အကြောင်းကတော့ လက်ရှိသမ္မတရှီကျင့်ဖျင်နဲ့ သူမတိုင်မီက ခေါင်းဆောင်အဆက်ဆက်ဟာ ရည်မှန်းချက်ရှိရှိ ရေရှည်စီမံကိန်းချပြီး ဆောင်ရွက်ခဲ့မှုတွေရဲ့ အကျိုးရလဒ်ကြောင့်ဖြစ်တယ်လို့ ASPI ရဲ့သုတေသန စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ASPI ဟာ သူ့ရဲ့အစီရင်ခံစာထဲမှာ ဆက်လက်ဖော်ပြရာမှာ အခုလို နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံက စက်မှုနည်းပညာကဏ္ဍသစ်တွေမှာ ရှေ့တန်းရောက်ပြီး ဦးဆောင်နေခြင်းဟာ ကုန်စည် ထုတ်လုပ်ပို့ဆောင်မှု တည်တည်တံ့တံ့ဖြစ်နေစေဖို့ ရည်ရွယ်ချက်နဲ့မဟုတ်ရင် ရေတိုကာလအတွက် ကတော့ ပုံမှန်မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရေရှည်ကာလမှာဆိုရင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြောင်းအလဲ သက်သက်မကဘဲ ကမ္ဘာလုံးဆိုင်ရာအင်အားနဲ့ လွှမ်းမိုးနိုင်စွမ်းတွေမှာပါ အပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ASPI က ရေးသားထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာထုတ်ဝေတဲ့ China Daily သတင်းစာမှာ ဆောင်းပါးရှင် Zhang Xi က အခုလို ပြန်လည်ရေးသားခဲ့ပါတယ်။ Zhang Xi က နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ တရုတ်နိုင်ငံ က သိသာထင်ရှားစွာ ရှေ့တန်းက ဦးဆောင်လာနိုင်တဲ့ အနေအထားမျိုးအထိ ရောက်ရှိလာတာဟာ ချီးကျူးဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရုတ်နိုင်ငံဟာ နောက်ဆုံးပေါ်ထွက်လာတဲ့ နည်းပညာကဏ္ဍတွေမှာ အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာစေဖို့နဲ့ တီထွင်ဖန်တီးမှုကို အသားပေးတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိလာစေဖို့ ကြိုးပမ်းဆောင်ရွက်နေလို့ ဖြစ်ပါတယ်။ သို့သော်လည်း ASPI က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာဟာ တရုတ်နိုင်ငံရဲ့ နည်းပညာကဏ္ဍ အောင်မြင်မှုတွေကို ချီးကျူးဖို့ အသားပေးဖော်ပြလိုတာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာမှုဟာ ခြိမ်းခြောက်မှုဖြစ်လာနိုင်ပြီး ဒါကိုတန်ပြန်နိုင်ဖို့ အနောက်နိုင်ငံတွေအနေနဲ့ လက်တွဲပူးပေါင်း လုပ်ဆောင်သွားကြဖို့ တိုက်တွန်းချင်တာသာ ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရဲ့စီးပွားရေးကို ကာလတိုနဲ့ ကာလလယ်အချိန်အတွင်းမှာ တီထွင်ဖန်တီးမှုကို အသားပေးတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိလာစေဖို့ သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို နိုင်ငံရဲ့ ငါးနှစ်စီမံကိန်းတွေမှာ ထည့်သွင်းဖော်ပြလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အထိ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းမှာဆိုရင် သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေး (Research and Development) အတွက် အသုံးစရိတ်ကို နှစ်စဉ် နိုင်ငံ့ ဂျီဒီပီရဲ့အနည်းဆုံး ခုနစ်ရာခိုင်နှုန်းသုံးစွဲဖို့ ဖော်ပြထားပါတယ်။

နိုင်ငံတော်အဆင့် သုတေသနစမ်းသပ်ခန်းတွေ

ဒီ ငါးနှစ်စီမံကိန်းမှာ တရုတ်နိုင်ငံဟာ ကွမ်တမ်သတင်းအချက်အလက် နည်းပညာကဏ္ဍ၊ ဖိုတွန်နဲ့ မိုက်ခရိုနာနိုအီလက်ထရွန်နစ်ကဏ္ဍ၊ ကွန်ရက်ဆက်သွယ်မှုနည်းပညာကဏ္ဍ၊ ဉာဏ်ရည်တု နည်းပညာကဏ္ဍ (Artificial Intelligence)၊ ဇီဝဆေးဝါးကဏ္ဍနဲ့ စွမ်းအင်သစ်နည်းပညာကဏ္ဍ တွေမှာ နိုင်ငံတော်အဆင့် သုတေသနစမ်းသပ်ခန်းတွေ တည်ထောင်သွားဖို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် စက်ရုပ်နည်းပညာကဏ္ဍ (Robotics)၊ စွမ်းအင်သစ်သုံးစွဲတဲ့ မော်တော်ယာဉ်တွေ ထုတ်လုပ်မှုကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍနဲ့ လယ်ယာ သုံးစက်မှုကဏ္ဍတွေမှာလည်း ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း (Global Competitiveness) ကို တိုးမြှင့်သွားကြဖို့လည်း ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် တရုတ်နိုင်ငံကို အဆင့်မြင့်နည်းပညာ ကုန်ပစ္စည်းထုတ်လုပ်မှုမှာ အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့ မျှော်မှန်းဆောင်ရွက် နေတာဖြစ်ပါတယ်။

 

mdn

 

ဒါကြောင့် ASPI က သုတေသနပြုရေးသား ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရဆိုရင် တရုတ်နိုင်ငံဟာ အသစ်ထွက်ပေါ်လာတဲ့ နည်းပညာကဏ္ဍတွေမှာ ဦးဆောင်ကဏ္ဍမှာရှိနေသလို တရုတ်အစိုးရ ကိုယ်တိုင်ကလည်း နည်းပညာသစ်တွေကို မိမိကိုယ်ကိုယ်အားကိုးပြီး အောင်မြင်မှုတွေ ရရှိလာစေဖို့ ရေရှည်စနစ်တကျ ဆောင်ရွက်လာမှုတွေကြောင့် မကြာတော့တဲ့ကာလတွေမှာ အဆင့်မြင့်နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ယှဉ်ပြိုင်မှုတွေမှာ ဘယ်လိုအပြောင်းအလဲတွေ ရှိလာနိုင်မလည်းဆိုတာ စောင့်ကြည့်သွားဖို့ရှိပါကြောင်း ဖော်ပြလိုက်ရပါတယ်။

ရည်ညွှန်း

- China leads the world in research, could win the future, says think tank (The Australian Strategic Policy Institute-ASPI) 3 March 2023

- China’s plan to become a world-leading technology force by Yutao Sun (East Asia Forum) 8 May 2021

- Australian think tank biased on China’s technology progress by Zhang Xi (China Daily) 3 March 2023