ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၂၈၁၇၆ ဦးအထိ ရှိလာ

ဂါဇာ၊ ဖေဖော်ဝါရီ ၁၁

ဂါဇာကမ်းမြောင်ဒေသတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစတင်ခဲ့သော အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသားများ သေဆုံးမှုမှာ ၂၈၁၇၆ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၆၇၇၈၄ ဦးရှိကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၁၂ ဦးထက်မနည်း သေဆုံးပြီး ၁၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့ရှိ အိမ်တစ်လုံးအား အစ္စရေးက ဗုံးခွဲတိုက်ခိုက်ရာတွင် ပါလက်စတိုင်း ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA က ဖော်ပြသည်။

ထို့ပြင် အစ္စရေးက ခန်ယူနစ်၊ ရာဖာနှင့် ဂါဇာစီးတီးတို့တွင် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပါလက်စတိုင်းနိုင်ငံသား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ပါလက်စတိုင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

ဂါဇာကမ်းမြောင်တွင် မြေပြင်စစ်ဆင်မှုတစ်ခုအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုတွင် နောက်ထပ်အကြမ်းဖက်သမား ၁၂၀၀ မှ ၁၃၀၀ အထိ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အစ္စရေးတောင်ပိုင်း၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် ဟားမတ်စ်တို့၏ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကို အစ္စရေးနိုင်ငံက လက်တုံ့ပြန်ခဲ့ပြီး အစ္စရေးတွင်လည်း လူပေါင်း ၁၂ဝဝ ခန့် သေဆုံး ကာ ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်