သုတေသနနယ်ပယ်မှသည် ဖွံ့ဖြိုးမှုဆီသို့  

 

မိုးကေနိုင်

 

ဘယ်ပညာရပ်နယ်ပယ်မဆို တတ်မြောက်ပြီးတဲ့ ပညာရပ်တစ်ခုကို ထိထိရောက်ရောက် အသုံးချမှသာ အသုံးဝင်ပါတယ်၊ အကျိုးလည်းရှိပါမယ်။ ပညာခေတ်လို့ဆိုတဲ့အရာမှာ နားလည်အောင်သင်၊ သင်တာကို သိရုံနဲ့မပြီး၊ အသိကိုအကျင့်နဲ့ပေါင်းပြီး လုပ်ရင်းကိုင်ရင်းနဲ့ လက်တွေ့အသုံးချနေမှသာ ထိရောက်အောင်မြင်မှု ရှိပါမယ်။

ထုတ်လုပ်ပေးတဲ့အရေအတွက် ပမာဏသက်သက် (output) မှာလမ်းမဆုံးဘဲ ထွက်ရှိလာတဲ့ ပမာဏ အတိုင်းအတာနဲ့ လက်တွေ့နယ်ပယ်မှာ ထိထိရောက်ရောက် အသုံးပြုနိုင်မှသာ အကျိုးကျေးဇူးဖြစ်ထွန်းတယ် (outcome) ဖြစ်တယ်လို့ဆိုကြပါတယ်။ တကယ့်လက်တွေ့နယ်ပယ်များစွာမှာ အကျိုးပြုရလဒ်ကောင်း (outcome) ရဖို့ထက် ရလဒ်ထွက်ရုံ (output) မှာသာရပ်နေကြတာများပါတယ်။ ထိုအခါ လုပ်သလောက် အကျိုး ကျေးဇူးမခံစားကြရခြင်းများ ဖြစ်လာပါတယ်။ ရေရှည်ရလဒ်ကောင်း ထွက်အောင်လုပ်မှသာ အကျိုးကျေးဇူး ဖြစ်ထွန်းတယ်လို့လည်း ဆိုချင်တာ ဖြစ်ပါတယ်။ အမှန်တကယ်အလုပ်ဖြစ်အောင် မလုပ်ဘဲ အဖြစ်လောက်သာ လုပ်နေကြခြင်းကြောင့် outcome မဖြစ်တဲ့အခါ အဖွဲ့အစည်းအပေါ်မှာပါ သက်ရောက်မှု impact အပိုင်းမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။       

 

ဖွံ့ဖြိုးမှု အတွေးအခေါ်

 

ဒီမှာ ဖွံ့ဖြိုးမှုအတွေးအခေါ်ပိုင်း (development thinking) ဆိုတာကို အမှုမဲ့၊ အမှတ်မဲ့မဖြစ်သင့်ပါ။ မိမိသင်ကြား နာယူတတ်မြောက်ထားတဲ့ အသိအတတ်ပညာကို လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနေမှ၊ အခြေအနေ၊ အချိန်အခါအပေါ်မူတည်ပြီး ကိုယ့်ရဲ့ပညာနဲ့ တကယ့်လက်တွေ့နယ်ပယ် ကိုက်ညီမှုရှိမရှိ ပြန်လည်ဆန်းစစ် စမ်းသပ်နေမှသာ ရေရှည်မြဲတဲ့ရလဒ်ကောင်းတွေ ဆက်တိုက်ရနေမှာ ဖြစ်ပါတယ်။

ပညာရပ်အခြေခံတဲ့ လုပ်ငန်းခွင်အတွေ့အကြုံက အလွန်ကိုအရေးကြီးတယ် ဆိုတာတော့ အထူးပြောစရာ လိုမယ်မထင်ပါဘူး။ ပညာအပေါ်မှာ အတွေ့အကြုံကို ထပ်ဆင့်၊ မှန်မမှန် ပြန်လည်စမ်းသပ်အတည်ပြု၊ ထွက်ပေါ်လာတဲ့တွေ့ရှိချက် ရလဒ်အသစ်တွေကို အခြေခံပြီး စဉ်ဆက်မပြတ် တိုးတက်သထက် တိုးတက်အောင်လုပ်၊ တွေ့ရှိချက်တွေကို မျိုးဆက်သစ်တွေအတွက် အမြဲမျှဝေပေးနေခြင်း (exchange sharing) စတဲ့ ဆောင်ရွက်ချက်တွေဟာ အနာဂတ်အတွက်ပါ စဉ်းစားပြီးအမြော်အမြင်ရှိရှိနဲ့ အလုပ်လုပ်နေကြခြင်း ဖြစ်ပါတယ်။

အကြောင်းကအများကို အကျိုးကျေးဇူး ဖြစ်ထွန်းစေတဲ့ရလဒ်ကောင်းတွေရနေဖို့နဲ့ အခြေအနေ၊ အချိန်အခါအလိုက် ပြောင်းလဲမှုအသစ်အသစ်တွေနဲ့ ဆက်တိုက်တိုးတက်နေမှသာ အမှန်တကယ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု (Sustain-able development) ဆိုတာကို ရရှိလာနိုင်မှာ ဖြစ်လို့ပါပဲ။ ဒါကြောင့်လည်း Research and Development (R&D) ဆိုတာဖြစ်လာပြီး တိုးတက်ဖွံ့ဖြိုးမှုလမ်းကြောင်းမှာ သုတေသနပညာရဲ့ အရေးပါပုံနဲ့အတူ သုတေသနပညာရပ်နဲ့ ဖွံ့ဖြိုးမှုတို့ဟာ နီးနီးကပ်ကပ်ဆက်စပ်မှုရှိနေကြောင်း သိရှိလာနိုင် မှာဖြစ်ပါတယ်။

 

ပညာခေတ်မှာ သုတေသနရဲ့ အရေးပါမှု

 

လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ သုတေသနပညာရပ်ဟာ ဝိဇ္ဇာ၊ သိပ္ပံဘယ်လို နယ်ပယ်မျိုးမှာမဆို ယနေ့‌ခေတ်မှာ မပါရင်မပြီးတော့တဲ့ အခြေအနေဖြစ်နေပါပြီ။ သီအိုရီအသစ်၊ အတွေးသစ်၊ အမြင်သစ်များကို လက်ခံခြင်း၊ မခံခြင်း၊ ထုတ်ကုန်အသစ်၊ ပစ္စည်းအသစ်နည်းပညာအသစ် အသစ်များ အသုံးတည့်ခြင်း မတည့်ခြင်းက သုတေသနနဲ့ မပတ်သက်ဘဲနဲ့ ဘယ်လိုမှအဖြေ မထွက်ပါဘူး။

မှန်/မမှန် လက်ဆုပ်လက်ကိုင်ပြနိုင်အောင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ သက်သေပြနိုင်ဖို့ သုတေသနပညာ အကူအညီကို ရယူရသလို ရေရှည်တိုးတက်အောင်ကလည်း စဉ်ဆက်မပြတ် ပြုလုပ်ထားတဲ့ သုတေသန စာတမ်းက တွေ့ရှိချက်များကသာ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ ဒီလောက်အရေးပါတဲ့ သုတေသနနယ်ပယ်နဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့အသိအမြင်များနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့အပတ် Naypyitaw State Academy ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံမှာ ပြောကြားခဲ့တဲ့ နိုင်ငံအကြီးအကဲရဲ့ အမှာစကားအချို့မှာ ထင်ဟပ်နေပုံကို သတိထားလိုက်မိပါတယ်။ နိုင်ငံအကြီးအကဲရဲ့ လမ်းညွှန်ချက်စကားလုံးတွေမှာ ယနေ့ပညာ ခေတ်ကြီးအပေါ် ကြောင်းကျိုးတရား ဆက်စပ်မှုကိုရှာမှီးခြင်း သုတေသနပညာနဲ့ တင်စားသွားပုံများကို အကဲခတ်မိပါတယ်။

 

အရည်အသွေးရှိခြင်းနှင့် အသုံးချနိုင်စွမ်း

 

အကြီးအကဲရဲ့ မှာကြားချက်များမှာမှ အလေးအနက်ထားလိုက်မိတဲ့အချက်နှစ်ခုကို မှတ်သားမိပါတယ်။ အရည်အသွေးရှိတဲ့ သုတေသန စွမ်းဆောင်ချက် (Quality Research) ဆိုတာနဲ့ အသုံးချသုတေသန (Applied Research) ဆိုတဲ့ စကားရပ်နှစ်ရပ်အပေါ်မှာဖြစ်ပါတယ်။ သုတေသနတစ်ခုဟာ အရည်အသွေးမီတယ်ဆိုရာမှာ ရှုပ်ထွေးတဲ့ပြဿနာတွေကို နားလည်လက်ခံဖြေရှင်းနိုင်စွမ်းရှိပြီး သီအိုရီအသစ်အသစ်တွေ ဖော်ထုတ်ရင်းမှ သုတေသနတွေ့ရှိချက်တစ်ခုကို လက်တွေ့မှာ အသုံးချလိုက်လို့ တွေ့ရှိချက်အတိုင်း အောင်မြင်တယ်ဆိုရင် ထိုသုတေသနဟာ အရည်အသွေး ရှိတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်၊၊

နေ့စဉ်လူမှုဘဝမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေ အပေါ် အချက်အလက်များကို တိတိကျကျ သရုပ်ခွဲခြမ်းစိတ်ဖြာပြီး အခြေခံတွေ့ရှိချက်များကနေ လက်တွေ့နယ်ပယ်မှာ တိုက်ရိုက်အသုံးချနိုင်တဲ့ သုတေသနကိုတော့ အသုံးချ သုတေသနအဖြစ် သတ်မှတ်ကြပါတယ်။ အရည်အသွေးရှိခြင်း၊ အသုံးချနိုင်စွမ်းရှိခြင်းတို့နဲ့ ပြည့်စုံခြင်းတို့ဟာ ယနေ့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်ခုအဖြစ် ဦးတည်တည်ဆောက်ရာမှာ အရေးအကြီးဆုံး အချက်နှစ်ချက်အဖြစ် ယခုလိုကြားသိရခြင်းကပင် သုတေသနကိုအားပေးခြင်း သုတေသနရဲ့အသက်ဟုပင် ဆိုနိုင်ပါပြီ။

 

ရည်မှန်းချက်နှစ်ရပ်နဲ့ သုတေသန

 

ဦးတည်သွားနေတာက တိုင်းပြည်သာယာ ဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးဆိုတဲ့ အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ရပ်၊ MSME တွေအားပေးရင်းနဲ့ one region one product ဖြစ်ရမယ်လို့ တိုက်တွန်းထားပါတယ်၊ စိုက်ပျိုးရေးကိုအခြေခံပြီး စက်မှုနိုင်ငံဆီသွားမယ်၊ ဒီနေရာမှာ တီထွင်ဖန်တီးနိုင်စွမ်းအား မြင့်မားစေမယ့် သုတေသနတွေအားကောင်းမှ ဖြစ်မယ်ဆိုတဲ့အချက်ကို မီးမောင်းထိုးပြသွားတယ်၊၊ မှန်လည်းမှန်ပါတယ်၊ အရည်အသွေးမြင့်ပြီး အသုံးချနိုင်စွမ်းရှိတဲ့ သုတေသနတွေ့ရှိချက်တွေမှ တစ်ဆင့်သာ ထုတ်ကုန်အသစ် နည်းပညာအသစ် တွေရရှိလာမှာ သေချာနေလို့ပါပဲ။

ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာတဲ့ ဖန်တီးမှုအသစ်တွေဟာ သုတေသနရဲ့ အကျိုးကျေးဇူးများ ဖြစ်လာပါလိမ့်မယ်။ တကယ့်အကျိုးပြုသုတေသနတွေဟာ နိုင်ငံရဲ့ရှည်လျားတဲ့ ကမ်းရိုးတန်းက သား၊ ငါး၊ ပုစွန်၊ သယံဇာတ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အကောင်းဆုံးဖော်ထုတ်ပြီး အကျိုးရှိရှိ အသုံးချနိုင်တဲ့ အခြေအနေတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။

ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သုတေသနဟာ အလွန့်အလွန်ဆက်စပ်နေတဲ့အတွက် ဖွံ့ဖြိုးဖို့ဆိုရင် သုတေသနကို အားပေးရမှာ သေချာပါပြီ။ မဖြေရှင်းရသေးတဲ့ပြဿနာတွေ၊ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့နိုင်ငံမှာ နယ်ပယ်စုံမှာ သုတေသနပြုရမယ့် အကြောင်းရင်းတွေများစွာ ရှိနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဖြစ်သင့်တာနဲ့ လက်ရှိဖြစ်နေတာတွေ မတူတဲ့အခါမျိုးမှာ အမှန်တကယ် အကြောင်းရင်းခံကို ရှာရမှာဖြစ်တဲ့အပြင် လက်ရှိဆောင်ရွက်ချက်တွေနဲ့လည်း ပတ်သက်ပြီး (data analysis) သရုပ်ခွဲဆန်းစစ်တဲ့အခါနဲ့ နောက်ဆုံး အဆင့် အကဲဖြတ်သုံးသပ်ခြင်း (evaluate) လုပ်တဲ့ အခါ သုတေသနကိုပဲအခြေခံရပါမယ်။ ရလဒ်နဲ့ သက်ရောက်မှုကို ပြန်လည်ဆန်းစစ်တဲ့အခါ၊ အဲဒီက တစ်ဆင့် အသစ်တစ်မျိုးမျိုးရလာဖို့ လိုအပ်လာတဲ့အခါ သုတေသနဟာ လုပ်ကိုလုပ်ရမယ့်အခြေအနေ များပဲဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

 

မှန်းဆချက်များအပေါ် သရုပ်ခွဲဆန်းစစ်နိုင်မှသာ

 

လူ့စွမ်းအားအရင်းအမြစ်နဲ့ သဘာဝသယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ဘာကြောင့် တိုးတက်မှုနှောင့်နှေးရပါသလဲဆိုတဲ့ ယူဆချက်၊ မှန်းဆချက်အမျိုးမျိုးအပေါ်မှာ စနစ်တကျ သုတေသနပြုကြည့်မှသာ မှန်းဆချက်အများကြီးထဲက တကယ့်မှန်ကန်တဲ့အဖြေကို ရရှိလာပါမယ်။ အဖြေမှန်ရလာခြင်းက ဘယ်ကဏ္ဍကို ပိုပြီးဦးစားပေးအကောင်အထည်ဖော်သင့်သလဲ၊ ငွေဘယ်လောက် သုံးမလဲဆိုတဲ့ ဆုံးဖြတ်ချက်မှာပါ အထောက်အကူပြုပါတယ်။

ကိုယ့်ဘက်က မပြည့်စုံတာတွေ၊ အခြေအနေ မပေးတာတွေရှိတဲ့အတွက် ကိုယ့်ဆီက ကုန်ကြမ်းကို ဈေးပေါပေါနဲ့ရောင်းခဲ့ရတဲ့ အခြေအနေမျိုးရှိခဲ့တာတွေကို အမှတ်ရမိကြမှာပါ။ ကုန်ကြမ်းကနေ ကုန်ချောပြောင်းနိုင်ပြီး အရည်အသွေးမီတဲ့ ကုန်ချောကို လိုအပ်တဲ့ဈေးကွက်ဆီ အရောက်ပို့နိုင်မှသာ ရည်မှန်းတဲ့ ပို့ကုန်တင်ပို့မှုဆီရောက်ရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ သယံဇာတမည်မည်ရရ မရှိဘဲနဲ့တောင် ဘာကြောင့် ချမ်းသာနေကြလဲ၊ သယံဇာတလည်းရှိမယ်၊ ရှိနေတဲ့သယံဇာတကို ပညာနဲ့ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့်လား၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ် (Good governance) လက္ခဏာရပ်တွေကြောင့်လား၊ လူ့စွမ်းအား အရင်းအမြစ်များ ပြည့်စုံကြလို့လား၊ စီမံခန့်ခွဲမှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းရှိလို့လား ဆန်းစစ်ကြည့်ရင် သိသာတဲ့အချက်တွေ ထွက်ပေါ်လာမှာ သေချာပါတယ်။ တစ်ပါတည်း ငြိမ်းချမ်းရေး ရေခံမြေခံမကောင်းဘဲ ညီညွတ်မှုမရှိ အပျက်အစီးများတဲ့ လူ့အဖွဲ့အစည်းတွေမှာ ရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ အနေအထားတွေနဲ့လည်း နှိုင်းယှဉ်သရုပ် ခွဲ ဆန်းစစ်ကြည့်နိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ စီးပွားရေးအားကောင်းမှ ပညာ၊ ကျန်းမာ၊ လူမှုရေးကဏ္ဍတွေမှာ ဆက်တိုက် တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးနဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးနဲ့ တည်ငြိမ်အေးချမ်းမှုကလည်း ဆက်စပ်နေပြန်ပါတယ်။ တည်ငြိမ်အေးချမ်းမှုမရှိရင် ကုန်သွယ်မှုအပိုင်းမှာထိခိုက်ပြီး တရားမဝင် ကုန်သွယ်မှု ကြီးထွားလာခြင်းက ဥပမာပါ။ မြန်မာ့စီးပွားရေးမျက်နှာစာကိုကြည့်ရင် သယံဇာတ၊ လူ့စွမ်းအား အရင်းအမြစ်နဲ့ ပထဝီဝင်အချက်အချာ အရ အားသာချက်များရှိပေမယ့် ငွေအရင်းအနှီး၊ နည်းပညာ၊ အဆက်အသွယ်နဲ့ ဆွဲဆောင်မှုမက်လုံးပိုင်းမှာ အားနည်းချက်များရှိဟန်တူပါတယ်။ ပြည်တွင်းသုံးစွဲမှုမှာ စားသုံးသူရဲ့ တကယ့်လိုအပ်မှုထက် မိမိလိုချင်တာကို ဦးစားပေးတတ်တဲ့ အမူအကျင့်ကလည်း အားနည်းချက်တစ်ခုပါပဲ။ ဒါ့ကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း၊ အားနည်းချက်၊ အားသာချက်၊ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို အမြဲတွက်ချက်နေရန်လိုပါတယ်။

 

စားသုံးသူရဲ့ အလေ့အထဈေးကွက်ဥပမာနှင့် ယှဉ်၍

 

ဈေးကွက်မှာ စားသုံးသူရဲ့အကြိုက်၊ အလေ့အထ (Consumer behavior) မှာ ရာသီအလိုက် ဘာတွေစားတတ်သလဲ၊ ဘာတွေသုံးတတ်သလဲ၊ ဒေသအလိုက်အကြိုက် market analysis ခေါ်ပါ မယ်၊ ဘယ်သူတွေက ဘယ်လို၊ ဘယ်အချိန်မှာ၊ ဘာကြောင့်ဝယ်လေ့ရှိကြသလဲ စသဖြင့် ဈေးကွက် သဘာဝကို သုတေသနပြုထားချက်တွေ ရှိရပါမယ်။ အိမ်နီးချင်းနိုင်ငံတွေဟာ နိုင်ငံအလိုက်က ရာသီ ပွဲတော်အလိုက်မှာ (ဥပမာ - သင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ စသည်ဖြင့်) သုံးစွဲသူအကြိုက်၊ ဝင်ငွေအနိမ့်အမြင့်အလိုက် (ကော်ဖီမစ်မှသည် မိုဘိုင်းဖုန်းအထိ) ကို သုတေသနပြုပြီး သူတို့ထုတ်ကုန်ပစ္စည်းတွေကို တင်ပို့ကြကြောင်း မှတ်သားဖူးပါတယ်။

 

ကျွန်တော်တို့ဆီမှာ လယ်သမားတွေဆီ ကွင်းဆင်းအသံနားထောင်တဲ့ survey မျိုးရှိခဲ့ရင် ဓာတုဆေးဝါး၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲမှုမျိုးတွေကို တတ်နိုင်သမျှရှောင်ကြဉ်နိုင်မှာဖြစ်ပြီး သုံးစွဲပုံသုံးစွဲနည်း နည်းပညာကအစ မျှဝေဖြစ်သွားနိုင်ပါတယ်။ လိုအပ်ချက်နဲ့ထုတ်လုပ်နိုင်မှု၊ ဥပမာ- စားသုံးဆီလိုအပ်ချက်နဲ့ စိုက်ပျိုးမှုပမာဏ ကွာခြား ချက်ကို စဉ်ဆက်မပြတ်ဖော်ထုတ်လာနိုင်ပါမယ်။ ကျွန်တော်တို့ဆီမှာ MPA, MPP, M.Dev စသည့် မဟာသင်တန်းများစွာမှာ သင်တန်းသားတွေပြုစု ရေးသားခဲ့တဲ့ စီးပွားရေး၊ စိုက်ပျိုးရေး၊ ဈေးကွက် သုတေသနစာတမ်းများကို လက်တွေ့အသုံးချပြီး အချို့သောပြဿနာတွေကို အဖြေရှာကြည့်နိုင်ပါတယ်။

စားသုံးသူရေးရာက ထုတ်ဝေတဲ့စာတမ်း တစ်ခုမှာ ဒူးရင်းသီးအစားများတဲ့ တရုတ်နိုင်ငံကို အလုံးအရင်းနဲ့ အောင်အောင်မြင်မြင်တင်ပို့နေတဲ့ ဗီယက်နမ် ဒူးရင်းသီးအကြောင်း ဖတ်ခဲ့ဖူးပါတယ်။ ပထမဆုံးတင်ပို့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံဖိုးအထိ တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ ဗီယက်နမ်က ထိုင်းထက်ဈေးပိုသက်သာလို့လား၊ ပိုအရသာရှိတဲ့ ဗီယက်နမ် ဒူးရင်းသီးတွေကို တရုတ်တွေ ပိုကြိုက် ကြလို့ဖြစ်နိုင်ပါတယ်။ ဈေးပွဲတော်များ အခါအားလျော်စွာပြုလုပ်နိုင်ခြင်း၊ အကောက်ခွန် ရှင်းလင်းရေးမှအစ မပျက်စီး၊ မပုပ်သိုး၊ ထုပ်ပိုးမှု ခေတ်မီအောင်၊ ဈေးသက်သာအောင်လုပ်ထားတဲ့ ဆန်းသစ်တီထွင်မှုတွေဟာ ပို့ကုန်ဈေးကွက်မှာ နေရာရလာခြင်းရဲ့ စံနမူနာတစ်ခုပါပဲ။

ဥပမာတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာလည်း ဈေးကွက်တောင်းဆိုချက်အရ ထောပတ်သီးနှံကို ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရပါတယ်။ ပို့ကုန်တင်ပို့တဲ့နေရာမှာ ယှဉ်ပြိုင်ဘက်ရဲ့ အနေအထား (Competitive analysis) ကိုလည်း ဆန်းစစ်သုတေသနပြုရပါမယ်။ အထက်ပါဒူးရင်းသီး တင်ပို့မှုမှာဆိုရင် ကမ္ဘာမှာ အများဆုံးဒူးရင်းသီး တင်ပို့တဲ့ထိုင်းကို ဗီယက်နမ်ဟာ ယှဉ်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် သုတေသနပညာရပ်ဟာ အလွန်အရေးကြီးတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ နယ်ပယ်တစ်ခုဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ အခြားနိုင်ငံ တွေနဲ့ယှဉ်ရင် အစစအရာရာ နောက်ကျနေတဲ့ အခြေအနေမှာ အားလုံးညီညွတ်ရေးနဲ့ တည်ငြိမ်ရေးဟာ အရေးကြီးသလို အချို့ခက်ခက်ခဲခဲလုပ်နေရတဲ့ နေရာမှာ လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းရှင်းနဲ့ လုပ်ဆောင်သွားနိုင်မယ့် နည်းလမ်းမျိုးမှာ သုတေသနပညာက အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။

ယနေ့သုတေသနတွေကို စနစ်တကျလုပ်လာနိုင်ပြီဆိုရင် အကြောင်းကြောင်းကြောင့် အကျိုးဖြစ်တာမျိုး၊ အကြောင်းနဲ့အကျိုး ဆက်စပ်မှုမျိုးတွေကို ဖော်ထုတ်လာနိုင်မှာ သေချာပါတယ်။ တတ်မြောက်ထားတဲ့ သုတေသနပညာအပေါ်မှာ အသုံးလည်းချ၊ ဆင်ခြင်မှုလေးပါ ပေါင်းစပ်လိုက်ရင်တော့ ပိုပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ ပညာအဆင့်တွေဖြစ်လာပါပြီ။ အကြောင်းနဲ့ အကျိုးသဘောတရားအပေါ် အသုံးချဆင်ခြင်နိုင်စွမ်းကတစ်ဆင့် အပြုသဘောမြင်ပေးတာတွေ အကောင်းမြင်သဘောထားတွေမှာပါ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။

သူများပြောတဲ့အမြင်မှာ မှန်းဆတတ်လောက်ရုံနဲ့ မပြီးစေဘဲ အရာရာကိုသုတေသနအမြင်နဲ့ ကြည့်ပေးခြင်းဖြင့်လည်း သက်ရောက်မှုတိုင်းမှာ အပေါင်းလက္ခဏာဆောင်လာမယ်ဆိုတာ ပြောရဲပါတယ်။ အရေးကြီးဆုံးတစ်ချက်က ယခုလို အလေးအနက်ထား အားပေးခြင်းခံရတဲ့ သုတေသနကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချပြီး အသုံးချသုတေသနတစ်ခုအဖြစ် အခက်အခဲတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ဖို့ပါပဲ။ သို့မှသာ အလုပ်ကို အဖြစ်မလုပ်ဘဲ အလုပ်ဖြစ်အောင် လုပ်ရာရောက်မှာဖြစ်ပြီး အကောင်းဆုံးသော ရလဒ်များ ထွက်ပေါ်လာရေးမှာ သေချာမှုရှိမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။