ပြည်ထောင်စုအတွေး ပြည်ထောင်စုအရေး . . .

 

 

ကိုရင်မောင်

 

မြန်မာနိုင်ငံသည်  တိုင်းရင်းသားလူမျိုး ပေါင်းစုံ စုစည်းနေထိုင်သော နိုင်ငံ ဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း  လူမျိုးစုကြီးများအပြင် လူမျိုးခွဲ၊ လူမျိုးငယ်များ ၁၃၅ မျိုး ခန့်  စုစည်းနေထိုင်ကြသည်ဟု  အသိ အမှတ်ပြုထားသည်။  စတင်အခြေချမွေးဖွားရှင်သန်ရာ နယ်မြေဒေသအလိုက် ကချင်လူမျိုးအများစု  နေထိုင်ရာဒေသ ကို ကချင်ပြည်နယ်၊ ရှမ်းလူမျိုးအများစုနေထိုင်ရာဒေသကို ရှမ်းပြည်နယ်၊ ကရင် လူမျိုး အများစုနေထိုင်ရာဒေသကို ကရင် ပြည်နယ်စသည်ဖြင့် အများစုလူမျိုးကို အစွဲပြု၍ တိုင်းဒေသကြီး၊  ပြည်နယ် အလိုက် အမည်နာမ သတ်မှတ်ထားသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် လူမျိုးပေါင်းစုံတို့ စုစည်းနေထိုင်ကြသည်။

လူမျိုးရေးအရ၊ အသွေးအရောင် ဓလေ့စရိုက်အရ မတူကွဲပြားသော လူမျိုးများ စုစည်းနေထိုင်ကြသကဲ့သို့ ကိုးကွယ် ယုံကြည်ရာဘာသာရေးအရလည်း မတူကွဲပြားသော ဘာသာတရားများအလိုက် လွတ်လပ်စွာ  ကိုးကွယ်ခွင့်ရကြသည်။ မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက် ထေရဝါဒဗုဒ္ဓဘာသာကို အဓိကကိုးကွယ်သော နိုင်ငံဖြစ်သော်လည်း ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ၊  ဟိန္ဒူဘာသာ ဘာသာကြီး လေးမျိုးအပြင်  နတ်ကိုးကွယ်မှုနှင့် အခြားယုံကြည်ရာတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည်။ လူမျိုးအရ၊ ဘာသာအရ ဆိုင်ရာဆိုင်ရာဓလေ့ထုံးစံ အစဉ်အလာများကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။

 

လောကအလှတရား

 

မတူကွဲပြားမှုများ ပေါင်းစည်းထားခြင်းမှာ  လောကအလှတရားပင်ဖြစ်သည်။  နှစ်လိုဖွယ်ရာအကောင်းဆုံး ခံစားချက်ပင်ဖြစ်သည်။ စုစည်းညီညွတ်မှု သဘောတရားပင်ဖြစ်သည်။ ဥယျာဉ်ကြီးအတွင်းမှ ပန်းလေးတစ်ပွင့်အနေဖြင့် အခြားအရောင်အသွေးမတူသော ပန်းကလေးများက မိမိထက်ပိုလှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ  ပြဿနာ တစ်စုံတစ်ရာ အနှောင့်အယှက်ဖြစ်သည်ဟု  မဆိုသာပေ။  မတူညီသော ရောင်စုံ ပန်းများနှင့်  အတူတကွ ဖူးပွင့်တည်ရှိ နေခြင်းသည် ကြည့်သူမြင်သူတို့အတွက် လှပသော အဆင်တန်ဆာကို ဖြစ်စေပါသည်။ ပန်းပေါင်းဝေဆာနေသော ဥယျာဉ်ကြီးတစ်ခုဝယ် မတူကွဲပြားသော ပန်းမန်များ စုစည်းနေခြင်းသည်ပင် နှစ်လိုဖွယ်ကောင်းသည့် သဘာဝအလှ တရားတစ်မျိုးဖြစ်သည်။

တစ်စုတစ်ဝေးတည်း စုစည်းဝေဆာ နေသော  ဥယျာဉ်ကြီးအတွင်းမှ  အလှကိုယ်စီရှိသည့် ပန်းမန်တစ်မျိုးစီကို ဖယ်ရှား ခွဲခြားလိုက်သည့်အခါတွင် နှစ်လိုဖွယ်ကောင်းသည့် ဝေဆာနေသော အလှတရားများ  ပျက်ပြယ်သွားပြီး အထီးကျန်ဆန်ဆန် တစ်ပွင့်တည်း စံလျက်  အလှပျက်ပြယ်ရသည်။  မတူကွဲပြား  တည်ရှိနေခြင်းကို  ပြဿနာ တစ်ရပ်ဟု  မရှုမြင်ဘဲ  တစ်စုတစ်ဝေးတည်း  ရှိနေသည့် အလှသစ်တစ်ခုဟု သဘောယူဆကာ ထိုလှပဝေဆာသည့် ဥယျာဉ်ကြီးအတွင်း အတူတကွ ပူးပေါင်းဖက်ဖြစ်တည်ပူးယှက် နေထိုင် နိုင်ကြခြင်းသည်သာ  အလှပေါင်းစု ဥယျာဉ်ကြီး တစ်ခုအဖြစ် အတင့်တယ် ဆုံးဖြစ်ပေလိမ့်မည်။  ကိုယ်စီကိုယ်င အလှအပတို့ ပေါင်းစုဝေဆာနေခြင်း သည်သာ  နှစ်လိုဖွယ်  အကောင်းဆုံးဖြစ်ပေလိမ့်မည်။

 

mdn

 

သွေးကွဲမှု၏ ဇာစ်မြစ်

 

အလားတူပင်  မတူကွဲပြားသော လူမျိုးများ၊ မတူကွဲပြားသော ဘာသာ တရားများ ပေါင်းစုဝေဆာနေခြင်းသည် လည်း လောကအလှတရားတစ်ခုဟု ဆိုနိုင်ပါသည်။  လူမျိုးအလိုက် မတူကွဲပြားမှုများကို ခွဲခြားလိုက်မည်ဆိုလျှင် လူမျိုးစွဲစိတ်ဓာတ် ကြီးမားလာနိုင်သည်။ ဘာသာအလိုက် ကွဲပြားမှုများကို ခွဲခြားဆက်ဆံမည်ဆိုလျှင် ဘာသာစွဲစိတ်ဓာတ် ကြီးမားလာနိုင်သည်။ ဘာသာစွဲ၊ လူမျိုးစွဲကြီးမားလာမည်ဆိုလျှင် မတူကွဲပြား သီးခြားရပ်တည်မှုမှဖြစ်ပေါ်လာသော ကွဲလွဲဆန့်ကျင်မှုသဘောဆောင်သည့် ရန်လိုမုန်းထားမှုများ ဖြစ်လာနိုင်ပေသည်။ ရှေးကာလက တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ပြည်ထောင်စုကြီးအတွင်း နှစ်ပေါင်း ထောင်ချီ အတူတကွ နေထိုင်ခဲ့ကြသည်။ ရံဖန်ရံခါ အခိုက်အတန့် ပဋိပက္ခအချို့ ရှိခဲ့သော်လည်း ပြေပျောက်လွယ်သည်သာဖြစ်သည်။ ကွဲပြားခြားနားသည့် စိတ်ထားများဖြစ်ပေါ်လာသည်မှာ ကိုလိုနီခေတ်က စသည်ဟု ဆိုရမည်ဖြစ်သည်။ နယ်ချဲ့စနစ်၏ ပရိယာယ်အရ တိုင်းရင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်ခြင်းမှ စလေသည်။ မူလက ပြည်ထောင်စု ကြီးအတွင်း တစ်စုတစ်ဝေးတည်း စုစည်းနေထိုင်လာခဲ့ကြရာမှ သွေးခွဲ အုပ်ချုပ်မှုအရ ခွဲခြားနေထိုင်လိုသော ဆန္ဒများဖြစ်ပေါ်စေခဲ့သည်။

နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာ နိုင်ငံကို ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် မတရားကျူးကျော် စစ်ဖြင့် သိမ်းပိုက်ခဲ့သည့်အခါ တိုင်းပြည်ကို ချစ်မြတ်နိုးသောစိတ်၊ မိမိတိုင်းပြည်ကို ကာကွယ်လိုသောစိတ်ဖြင့် တိုင်းရင်းသားလူမျိုး အသီးသီးတို့က နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးစစ်ပွဲများ ဆင်နွှဲခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့်ကာလ နယ်ချဲ့ဗြိတိသျှတို့က မြန်မာနိုင်ငံကို မလွှဲမရှောင်သာ၊ မဖြစ်မနေ လွတ်လပ်ရေး ပေးရတော့မည့်ကာလတွင် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ဗမာ - ဗမာ အချင်းချင်း၊ ဗမာ - တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရသည့်တိုင် တောင်တန်းဒေသကို ဆက်လက် အုပ်ချုပ်လိုသည့် ရိုက်ခတ်မှုဖြစ်ခဲ့သည်။

 

သွေးကွဲရသည့်မျိုးစေ့

 

အောင်ဆန်း-အက်တလီစာချုပ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရယူသည့်အခါ ပြည်မနှင့်ပူးပေါင်း၍ လွတ်လပ်ရေး ယူလိုသည်၊ မယူလိုသည်ကိုသိရှိရန် ကွန်ဖရင့်ကျင်းပ၍ တိုင်းရင်းသားတို့ ဆန္ဒယူရမည်ဟု ပါရှိခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းနှင့် ပြည်မပူးပေါင်း၍ လွတ်လပ်ရေးရယူရန်

 

အပြင်းအထန် စည်းရုံးခဲ့သဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ထိုအခါ ပင်လုံသဘောတူညီချက်သည် တိုင်းရင်းသားတစ်ရပ်လုံး လက်ခံထားသော သဘောတူညီချက် မဟုတ်။ ကရင်နှင့် ကရင်နီ (ကယား) လူမျိုးတို့ ပင်လုံသဘောတူညီ ချက်တွင် မပါဝင်။ နာဂ၊ ‘ဝ၊ ရခိုင်တောင် တန်းမှ ချင်းလူမျိုးလည်း မပါဝင်၊ သဘောထား မသိရသောကြောင့် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရမည်ဟု လုပ်ခဲ့သည်။ ထိုအချက်သည် တိုင်းရင်းသားများနှင့် သွေးကွဲရသည့် မျိုးစေ့သန္ဓေဖြစ်လာသည်။ လက်နက်ကိုင်ပဋိပက္ခများဖြစ်လာရသည့် အကြောင်းတရားဖြစ်လာသည်။

လွတ်လပ်ရေး ရရှိပြီးနောက်တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ သော်လည်း ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားလူမျိုးများ တစ်စုတစ်ဝေး တည်း ပေါင်းစုနေထိုင်လာခဲ့ကြသည်။ မတူကွဲပြားသောလူမျိုးများ စုစည်း နေထိုင်နေကြခြင်းသည် ပြည်ထောင်စု၏ ကျက်သရေပင်ဖြစ်သည်။ ပြည်ထောင်စု၏ ငြိမ်းချမ်းသာယာမှုပင်ဖြစ်သည်။ လူမျိုးအရ အမည်နာမ အခေါ်အဝေါ် သတ်မှတ်ထားသော်လည်း မတူကွဲပြား သော တိုင်းရင်းသားများ စုစည်းနေထိုင် ကြသည့် ပြည်ထောင်စုငယ်လေးများ ပင်ဖြစ်သည်။ ကချင်ပြည်နယ်တွင် ကချင်၊ ဂျိမ်းဖော၊ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်။ ရှမ်းပြည်နယ်တွင် ရှမ်း၊ ပလောင်၊ ကယန်း၊ လီဆူ၊ ‘ဝ၊ ကချင်၊ ဗမာ တိုင်းရင်းသားပေါင်းစုံ စုစည်း နေထိုင်ကြသည်။ ကရင်ပြည်နယ်တွင် လည်းကောင်း၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်းကောင်း လူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည်။

 

ပန်းပေါင်းစုံဥယျာဉ်

 

ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာနေသော ဥယျာဉ်ကြီးတစ်ခုအဖြစ် ဥပမာကြည့်မည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးကို ရှုမြင်နိုင်သည်။ ရန်ကုန်တိုင်းဒေသကြီး တွင် အများစုနေထိုင်ကြသော ဗမာ လူမျိုးများနှင့်အတူ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးပေါင်းစုံတို့နေထိုင်ကြသည်။ ထို့အပြင် ပြည်ပနိုင်ငံအမျိုးအနွယ် မြန်မာနိုင်ငံသား အိန္ဒိယ၊ တရုတ်စသည့် လူမျိုးများနေထိုင်ကြသည်။ မတူကွဲပြား သော လူမျိုးများနှင့်အတူ မတူကွဲပြား သော ဘာသာတရားမျိုးစုံလည်း ရှိကြသည်။ မတူကွဲပြားမှုများ အတူတကွ နေထိုင်ကြသော်လည်း တစ်ဦး၏ ဓလေ့ ထုံးစံများကို တစ်ဦးက ဆန့်ကျင်ခြင်းမရှိပေ။ တစ်ဦးကိုတစ်ဦး လေးစားမှု၊ နားလည်မှုရှိကြသည်။ တစ်ဦးနှင့်တစ်ဦး အမုန်းမဖက် အပြုံးမပျက်နေထိုင်ကြသည်။ နှစ်လိုဖွယ်ကောင်းပေစွ၊ ချစ်လို ဖွယ်ကောင်းပေစွ။ ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာနေသော ဥယျာဉ်ကြီးသဖွယ်ဖြစ်သည်။ ငြိမ်းချမ်းသာယာဝပြောမှု အပေါင်းကို ဆောင်ကြဉ်းသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှေးအစဉ်အဆက် အတူတကွနေထိုင်လာခဲ့ကြသော တိုင်းရင်းသား လူမျိုးများသည် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း နှင့် ပတ်ဝိုင်းလျက်ရှိသော ကုန်းပြင်မြင့် ကြီးများ၌ မှီတင်းနေထိုင်ခဲ့ကြပြီး ရေမြေ အနေအထား အခြေအနေများအရသာ ယဉ်ကျေးမှုကွဲပြားမှုများဖြစ်နေရသည်။ မတူကွဲပြားမှုများ ပေါင်းစည်းနေထိုင် ကြရာတွင် ရံဖန်ရံခါဖြစ်တောင့်ဖြစ်ခဲ အပြင်အပ ပယောဂကြောင့် ပြဿနာများ ရှိခဲ့ဖူးသည်။ သို့သော် မပြေလည်မှု ပြဿနာမှာ ခဏတာ၊ ပွဲပြီးမီးသေဆိုသကဲ့သို့ ပြန်လည်ပေါင်းစည်း ချစ်ချစ် ခင်ခင် နေထိုင်ကြသည်။ တစ်ဦးအပေါ် တစ်ဦး အမျက်အမုန်း အငြိုးအတေး မထား။ မပြေလည်ခဲ့သော ပြဿနာများကို ပြည်ဖုံးကားချကာ မိသားစုသဖွယ် ပြန်လည်ပေါင်းသင်း ဆက်ဆံနေထိုင် ကြသည်။

 

mdn

 

နင်းခြေဖျက်ဆီး

 

သို့သော် မျက်မှောက်ကာလတွင် တောင်တန်းနယ်စပ်ဒေသ၊ တိုင်းရင်း သားဒေသအချို့တွင် လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်မှုများ ရှိနေသည်ကိုတွေ့ရသည်။ အေးချမ်းစွာ နေထိုင်ကြသော တိုင်းရင်း သားပြည်သူများကို မဆိုလို၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအချို့တွင် အမုန်းအာဃာတများ ကြီးမားနေသည်ကို တွေ့ရသည်။ အခွင့် အခါရလျှင်ရသလို ရန်လိုမုန်းထား တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။ တပ်မတော်သည် ဖခင်သဖွယ် ခြောက်လှန့်လိုက်၊ ဟန့်တားလိုက်၊ အလျှော့ပေးလိုက် ပြုလုပ်နေရသည်။

ရှေ့ဆက်တက်၍ ပြည်ထောင်စုကြီး ဗုန်းဗုန်းလဲကျရန်၊ ပြိုကွဲရန်၊ ဖဲ့ထုတ်ရန် ကြံစည်နေကြသည်။ တစ်မြေတည်းနေ၊ တစ်မြေတည်းဖွားသည့် ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း စစ်ခင်းနေကြသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ အမိပြည်ထောင်စုကြီးကို နင်းခြေ ဖျက်ဆီးနေသည်မှာ ဝမ်းနည်းစရာဖြစ်သည်။

စစ်ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ကုန်သည်။ စီးပွား ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ ရပ်တန့်ကုန်သည်။ ဆက်သွယ်သွားလာ မှုခက်ခဲသောကြောင့် ချစ်ခင်ရင်းနှီးမှုများ အလှမ်းဝေးသွားသည်။ တိုင်းရင်းသား ပြည်သူများ၏ အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးကြကုန်သည်။ အလုပ် အကိုင်စီးပွား၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ ဘာမျှရေရေရာရာ မရှိတော့ပေ။ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသများတွင် တိုင်းရင်းသားပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်ကြရသည်။ ဘိုးစဉ်ဘောင်ဆက် ဦးခေါင်းချခဲ့သည့် မြတ်နိုးတွယ်တာခဲ့သော နေရာဟောင်းကို စွန့်ခွာကြရသည်။ ဥပဒေကင်းမဲ့ သော၊ လက်နက်အားကိုးသော ဒေသများတွင် အကြောက်တရားဖြင့် နေထိုင်ကြရသည်။ ပြည်ထောင်စုကြီးအတွင်းမှ လက်နက်ကိုင် ပဋိပက္ခများ၏ အကျိုး တရားကို တိုင်းရင်းသားပြည်သူများ အခံစားရဆုံး၊ အသိဆုံးဖြစ်သည်။

 

ပြည်ထောင်စုစိတ်ဓာတ်

 

ဥပဒေဘောင်အတွင်း နေထိုင်ကြရသော ပြည်သူများသည် ဤမြေတွင် မွေးဖွားရှင်သန်ကြသော နိုင်ငံသား အချင်းချင်းမို့ စိတ်မကောင်းဖြစ်ကြသည်။ ကိုယ်ချင်းစာတရား ထားကြသည်။ ပြည်ပရန်စွယ် အန္တရာယ်များကို ပြည်ထောင်စုသားအချင်းချင်း လက်တွဲ တွန်းလှန်ရမည့်အစား၊ တိုင်းပြည်တိုးတက်အောင်၊ ကြီးပွားအောင် လက်တွဲလုပ်ကိုင်ရမည့်အစား အချင်းချင်း စစ်ခင်း ပျက်စီးကြေမွနေသည့်အဖြစ်ကို ကြိတ်မနိုင်ခဲမရ ဖြစ်ကြရသည်။ ယခုဖြစ်ပွားနေသော အဖြစ်အပျက်များမှာ ဟိုတစ်ကွက်၊ သည်တစ်ကွက် ဖြစ်ပွားနေခြင်းသာဖြစ်သည်။ အကယ်၍ ပြည်ထောင်စုကြီးတစ်ခုလုံး ပြိုကွဲပျက်စီးရမည့်အရေး ကြုံတွေ့လာ ရပါမူ ဤမြေတွင်နေ၊ ဤရေကိုသောက်၍ ရှင်သန်ကြီးပြင်းလာသော ပြည်ထောင်စု တိုင်းရင်းသားများအားလုံး၊ နိုင်ငံသူ နိုင်ငံသားများအားလုံး ခေါင်းငုံ့မခံ၊ သည်းမခံ ညီညာပေါင်းရုံး နိုးကြားလာမည်ဖြစ်သည်။ ပြည်ထောင်စုကြီးကို ဖြိုခွဲသူများကို လက်တွဲဝန်းရံ တွန်းလှန်ကြပေလိမ့်မည်။ ဤသည်မှာ အခြေအနေ၊ အကြောင်းအရပ်ရပ်ကြောင့် အလို အလျောက်ဖြစ်လာသည့် ပြည်ထောင်စု စိတ်ဓာတ်ဖြစ်သည်။

ဤမြန်မာပြည်၏ အရေး၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုဖွား တိုင်းရင်း သားလူမျိုးတစ်ဦး မဟုတ်သော်လည်း ဤမြေတွင်နေ၊ ဤရေကိုသောက်၍ ဘိုးစဉ်ဘောင်ဆက် ဤပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင် နေထိုင် ကြီးပြင်းခဲ့သည့် လူမျိုးခြား မြန်မာနိုင်ငံ သားတစ်ယောက်၏ စိတ်ထားနှင့်ခံယူ ချက်ကို အလျဉ်းသင့်၍ တင်ပြလိုပေသည်။

“တိုင်းရင်းသား လူမျိုးအချင်းချင်းဖြစ်ပွားနေသော ပဋိပက္ခများမှာ တာရှည် လာသည်နှင့်အမျှ တိုင်းပြည်အတွက် ထိခိုက်နစ်နာရသည်။ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွတ်ပြီး တိုင်းပြည်အေးချမ်းအောင်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်ပါသည်။ တိုင်းပြည်တွင် သယံဇာတများ ပေါများကြွယ်ဝပါလျက် မညီညွတ်သောကြောင့် တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေသည်မှာ စိတ်မကောင်းစရာ ဖြစ်ပါသည်။

 

တိုင်းပြည်ကို ချစ်မြတ်နိုး

 

“ကျွန်တော်တို့သည် ဤမြေတွင်နေ၊ ဤရေကိုသောက်၍ ကြီးပွားရှင်သန်လာ ကြသူများဖြစ်၍ ဤမြေ၊ ဤတိုင်းပြည်ကို တန်ဖိုးထားသည်။ ဤတိုင်းပြည်ကို အချစ်မြတ်နိုးဆုံး၊ အနှစ်သက်ဆုံးဖြစ်ပါသည်။ ဤတိုင်းပြည်ကို ထိပါးစော်ကားလာသော၊ ကျူးကျော်လာသော လူမျိုးခြားများရှိလာပါက ကျွန်တော်တို့ လူမျိုး၊ ကျွန်တော်တို့ဘာသာဝင်ဖြစ်ပါစေ ကျွန်တော်တို့ကိုယ်တိုင် ပါဝင်တွန်းလှန် ဖယ်ရှားသွားမည်ဖြစ်သည်။ ဤ တိုင်းပြည်တွင်နေ၍ ဤတိုင်းပြည်ကို ချစ်မြတ်နိုးသောကြောင့်ဖြစ်သည်။

ဤစကားကို လူမျိုးခြား၊ ဘာသာခြား မြန်မာနိုင်ငံသားတစ်ယောက်ထံမှ ကြားသိရသည်မှာ ကြက်သီးမွေးညင်းထ လာခဲ့သည်။ ဤသို့သောစိတ်ဓာတ်၊ ဤသို့သော ခံယူချက်မျိုး မြန်မာနိုင်ငံ သားစစ်စစ် ပြည်ထောင်စုဖွားတိုင်းရင်း သားအချို့က အဘယ့်ကြောင့် မထားနိုင်ပါသနည်း။ လူမျိုးခြား၊ ဘာသာခြား နိုင်ငံသားတစ်ယောက်က ဤသို့သော စိတ်ထား ထားနိုင်လျှင် မြန်မာနိုင်ငံသား တိုင်းရင်းသားစစ်စစ်တို့က ပို၍ပင်ထား ရှိကြရမည်ဖြစ်သည်။

ဤမြေတွင်နေ၊ ဤရေကိုသောက်၊ ဤမြေအဆီအနှစ်က အကျိုးပြုနေသော ဤပြည်ထောင်စုကြီးကို ဤပြည်ထောင်စု ဖွား တိုင်းရင်းသားပြည်သူအပေါင်းတို့က ကာကွယ် စောင့်ရှောက်ကြရပါမည်။ အချင်းချင်း စိတ်ဝမ်းမကွဲပြားဘဲ ပြည်ထောင်စုကြီးအကျိုး၊ ပြည်ထောင်စု တိုင်းရင်းသားပြည်သူအားလုံးအကျိုးကို သယ်ပိုးထမ်းဆောင်ကြရပါမည်။

ယခုဖြစ်ပွားနေသော ပြဿနာသည်ကိုယ်ပိုင်အကျိုးစီးပွား၊ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင် ပြည်နယ်၊ကိုယ်ပိုင်ဒေသရရှိအောင် ဥပဒေဘောင်ပြင်ပမှ လက်နက်ကိုင် နည်းလမ်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အောင်မြင်မှုရရှိလိမ့်မည် မဟုတ်ပေ။ အားလုံးအထိနာ နာလန်မထူနိုင်သည့် အဖြစ်သာ ရောက်ရှိပေလိမ့်မည်။ ထို့ကြောင့် ပြည်ထောင်စုအရေးအတွက် ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ရေးသားတင်ပြလိုက်ရပါသည်။