ဇလွန်မြို့နယ်၌ လယ်ယာမြေ ဧက ၆၅၀ ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်‌ နေမှု စစ်ဆေး

ဇလွန် ၁၂ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရိုးကြီး-ကျားကူး ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်‌နေမှု အခြေအနေများကို ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းတွင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ရိုးကြီး-ကျားကူး ကျေးလက်ကုန်ထုတ်လမ်းအရှည် (၁/၀ ဒသမ ၃၃)မိုင်၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အလျား ၅ပေ၊ အနံ ပေ ၂၀၊ အမြင့် ၇ပေရှိ RC Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ရွာသူရွာသားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီး‌ရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

 

ရိုးကြီး-ကျားကူး ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၇၈ ဒသမ ၇၃)သန်း ဖြင့် တင်ဒါအောင်မြင်သည့် Dwelling Place Construction ကုမ္ပဏီက ဇွန်လ ပထမပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယခုအခါလုပ်ငန်းများအားလုံး၏ ၉၅ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီး‌ပြီဖြစ်ပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကုန်ထုတ်လမ်းဘေးဝဲ/ယာရှိ စိုက်ပျိုးမြေဧက ၆၅၀ ကျော် မှထွက်ရှိသော လယ်ယာထုတ်ကုန် စိုက်ပျိုးသီးနှံများကို စျေးကွက်အတွင်းသို့ ကုန် ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ချိုသန်းညွန့် (ကျေးလက်)