အစိုးရ ရုံးပိတ်ရက်များတွင် ငွေဆောင်ကမ်းခြေ၌ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ

ငွေဆောင် ၁၂ ဖေဖော်ဝါရီ                                                 

         ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၏ အထင်ကရတစ်ခုဖြစ်သော ငွေဆောင် ကမ်းခြေ၌ ဖေဖော်ဝါရီ (၁၂) ရက်၊ ပြည်ထောင်စုနေ့ အပါအဝင် အစိုးရရုံးပိတ်ရက်() ရက်၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

          ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားရာ ဒေသတစ်ခုဖြစ်ပြီး  ငွေဆောင်မြို့ထဲရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်း ခြေတွင် လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊ speedboat စီးကြသူများနှင့် ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းနှင့် Ngwe Square စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

             ငွေဆောင်ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေ ရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များက လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် လုံခြုံရေးများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင် ကမ်းခြေသန့်ရှင်း သာယာလှပရေး၊ ကမ်းခြေစျေးရောင်းချသည့်စျေးသည်များ သတ်မှတ် စည်းကမ်းနှင့်အညီ ရောင်းချမှုရှိစေရေးတို့အတွက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကာ ရံဖန်ရံခါ ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 ( ငွေဆောင်)