(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့် သ၀ဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

၂၀၂၄ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့် သ၀ဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းသည် စင်မြှင့်ပေါ်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။ ယင်းနောက် ဂုဏ်ပြုတပ်ဖွဲနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းက ဖတ်ကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ကိုကိုဇော်(သတင်းစဉ်)