သမိုင်းတွင်ခဲ့သော မြန်မာတို့၏ ဓမ္မပဏ္ဏာမော်ကွန်း

 

မောင်ချစ်အေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀ဝ၁ ခုနှစ် တာဝန်ယူပြီးချိန် မြန်မာ - တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ အမှန်အားဖြင့် နှစ်ကာလ ရာ၊ ထောင်ကပင် နှစ်ပြည်ထောင်ကူးလူးဆက်ဆံမှု သမိုင်းမှတ်တိုင်များစွာ ရှိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရန်အတွက် “အေးအတူ ပူအမျှ အသိုက်အဝန်းအတူတကွ တည်ဆောက်နေထိုင်ရေး” မူနှင့် ချစ်ကြည်စွာ ရပ်တည်လျက်ရှိပါသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို မြန်မာနိုင်ငံ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က   ဦးစွာ  သဘောတူညီ ချက်များရယူကာ    ဒေသတွင်းတည်ငြိမ် အေးချမ်းရေး   အုတ်မြစ်ချခဲ့ကြခြင်း ဖြစ်ပါသည်။ စီးပွားရေး၊    ပညာရေး၊ လူမှုရေးနှင့်      ယဉ်ကျေးမှုနယ်ပယ် အသီးသီးတွင်    အစိုးရချင်း၊ ပြည်သူချင်း၊ ကူးလူးဆက်ဆံ      ဖလှယ်ကြကာ ချစ်ကြည်ရေးခရီးများ   လက်တွဲလျှောက်ခဲ့ကြသည်။

 

မော်ကွန်းဝင် မဟာစိနပဘာ

 

တရုတ်ပြည်သူ့    သမ္မတနိုင်ငံမှ ဧည့်သည်တော်များ ချစ်ကြည်ရေးခရီး ဖြစ်စေ၊ အလုပ်သဘောခရီးဖြစ်စေ လာရောက်ကြသည့်အခါတိုင်း ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ တက်ရောက်ဖူးမြော်လေ့ရှိကြပါသည်။ ၂၀၁၁  ခုနှစ် သမ္မတကြီး ဦးသိန်းစိန် တာဝန်ယူခဲ့သည့်ကာလအတွင်း သမိုင်းတွင်ကျန်ရစ်စေခဲ့မည့်  ထုထည်ကြီးမားလှသော ချစ်ကြည်ရေးမှတ်တိုင်ကြီးတစ်ခုအဖြစ် ဓမ္မပဏ္ဏာ ရွှေတိဂုံပုံတူစေတီတော်ကြီး တစ်ဆူကို တည်ထားလှူဒါန်း လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

စေတီတော်ကြီးမှာ ဉာဏ်တော် ၁၀၈ ပေရှိပြီး ဘွဲ့တော်မှာ “မဟာစိနပဘာ” စေတီတော်၊ တရုတ်ပြည်အတွက် ကြီးမြတ်တောက်ပသော အလင်းဆောင် သည့်စေတီတော်ဟု  အမည်တော်ရပါသည်။

 

တရုတ်ပြည်သို့ ဗုဒ္ဓဘာသာ ပထမဆုံး ရောက်ရှိရာဒေသ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေနန် ပြည်နယ်  လော့ယန်မြို့ မြင်းဖြူ ကျောင်းတော်သည် တရုတ် ဘုန်းတော်ကြီး နှစ်ပါး ဗုဒ္ဓကျမ်းစာများ  တရုတ်ပြည် အနောက်ပိုင်း ရှင်းကျန်ဝေဂါဒေသမှ တစ်ဆင့် မြင်းဖြူနှစ်စီးနှင့် သယ်ဆောင် လာကာ  ဤအရပ်၌ သီတင်းသုံး၊ ဗုဒ္ဓသာသနာ စတင်ထွန်းကားခဲ့သော ဒေသ ဖြစ်ပါသည်။ သမ္မတ ကျန်စီမင့် လက်ထက်တွင် မြင်းဖြူကျောင်းတော် (Bai Ma Ci)ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ ဒေသဟု ကမ္ပည်းဆိုင်းဘုတ်တပ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဗုဒ္ဓစွယ်တော်တိုက် ဆရာတော် (Most. Ven. Chan Zhan) နှင့် မြင်းဖြူကျောင်းဆရာတော် (Most. Ven . Yin Lee) တို့နှင့် မြို့အုပ်ချုပ်ရေးတာဝန်ရှိသူများမှ မေတ္တာရပ်ခံချက်၊ တရုတ်အစိုးရ သဘောတူညီချက်အရ တည်ထားခဲ့ခြင်း ဖြစ်သည်။ အများအား ဖြင့် မဟာယာန ဗုဒ္ဓဘာသာထွန်းကား သော တရုတ်ပြည်တွင် ထေရဝါဒနှင့် အညီ ရွှေတိဂုံပုံတူ ဥဒိဿစေတီတစ်ဆူ သာသနာပြု တည်ထားကာ သမိုင်း မှတ်တိုင် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါသည်။

 

မင်္ဂလာကမ္ပည်းမော်ကွန်း

 

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များ၊ မြင်းဖြူကျောင်း ဆရာတော်ယင်းလီ၊ တရုတ်သာသနာရေး ဗျူရိုအကြီးအကဲ  မစ္စတာ ဝမ်ဇိုအမ့်နှင့် ဟေနန်ပြည်နယ် ဒေသဆိုင်ရာ အာဏာပိုင်များ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တရုတ်-မြန်မာ နှစ်ဘာသာဖြင့် စိုက်ထူထားသော မင်္ဂလာကမ္ပည်းမော်ကွန်း ကျောက်စာ နှစ်နေရာတွင်  အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပါသည်။  မော်ကွန်း ကမ္ပည်းစာတမ်းမှာလည်း မြန်မာပြည်သူတို့၏ သဒ္ဓါစေတနာနှင့် နှစ်ပြည်ထောင်ချစ်ကြည်ရေး ရည်ရွယ်ချက်များကို အလေးအနက်ဖော်ညွှန်းလျက်ရှိသည်မှာ ထင်ရှားလှပါသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေနန်ပြည်နယ် လော့ယန်မြို့ မြင်းဖြူ ကျောင်းတော် ရွှေတိဂုံစေတီတော် ပုံတူ မဟာစိနပဘာ စေတီတော်မြတ်ကြီး မင်္ဂလာကမ္ပည်းမော်ကွန်း၊ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့”

“တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့် ရှည်ကြာစေရန်၊ နှစ်နိုင်ငံ ဗုဒ္ဓဘာသာဝင် ပြည်သူတို့၏ ဘာသာတရားအခြေခံ၍ ယဉ်ကျေးမှုတူညီစွာ ကူးလူးဆက်ဆံ ရင်းနှီးမှုရရှိစေရန်နှင့် ဗုဒ္ဓဘာသာ အလင်းရောင် ကမ္ဘာအနှံ့ ထွန်းလင်းပြန့်ပွားစေရန် ရည်သန်လျက် ဉာဏ်တော်အမြင့် ၁၀၈ ပေရှိ၊ အတွင်းလိုဏ်တော် နှစ်ဆင့်နှင့် ဌာပနာသုံးဆင့် ပါရှိသော ရွှေတိဂုံစေတီတော်ပုံတူ မဟာစိနပဘာ စေတီတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ဦးတန်ခူးလပြည့်ကျော် ၄ ရက် (၁၀-၄-၂၀၁၂) အင်္ဂါနေ့တွင် မြေသန့်မင်္ဂလာ၊ ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာ၊ ရတနာအုတ်မြစ် တော်စီမင်္ဂလာတို့ကို ကျင်းပပြုလုပ်၍ စတင်တည်ထားခဲ့ကာ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် ဝါဆိုလဆန်း ၁ ရက် (၃၀-၆-၂၀၁၄) တနင်္လာနေ့တွင် သတ္တဌာန မူလဌာပနာတော်သွင်းမင်္ဂလာ၊ အလယ် ဌာပနာတော်သွင်း မင်္ဂလာ၊ အထက် ဌာပနာတော်သွင်း မင်္ဂလာ၊ ရွှေထီးတော် တင်မင်္ဂလာ၊ ရွှေကြာသင်္ကန်း ကပ်လှူ ခြင်းမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာတို့ကို ကျင်းပ ပြုလုပ်ခဲ့ပြီး စေတီဘုရား တည်ထားခြင်း နဝမင်္ဂလကမ္မကိုးမျိုးတို့ဖြင့် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း စေတီတော် အခြံ အရံ သာသနိက အဆောက်အဦများနှင့်တကွ တည်ထားလှူဒါန်းပူဇော်သည့် ကုသိုလ်တော် သမိုင်းမှတ်တမ်းလွှာကို မင်္ဂလာကမ္ပည်းဆင် မော်ကွန်းတင်အပ်ပါ သတည်း။ ဗုဒ္ဓသာသနံ စိရံ တိဌတု”

အထက်ပါ မင်္ဂလာကမ္ပည်းမော်ကွန်း အား မြန်မာစာနှင့် တစ်ချပ်အပြင် တရုတ်ဘာသာနှင့်ပါ ကျောက်စာ တို့ကို စေတီတော်အတက်၊ အထင်ကရ မြင်သာ သောနှစ်နေရာတွင် စိုက်ထူထားရာ ဤစေတီတော်ကြီးတည်နေသမျှ သမိုင်းတွင်ကျန်ရစ်မည့် ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကောင်းမွန် ပြည့်ဝသော မော်ကွန်းဝင် ကမ္ပည်းများပင် ဖြစ်ပါသည်။

 

ဆက်နွှယ်လျက်ရှိသော သာသနာရေး အစဉ်အလာများ

 

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် သာသနာရေးနှင့် ယဉ်ကျေးမှု နယ်ပယ်များတွင် တူညီသော အစဉ်အလာများ ရှိခဲ့ကြသည်။ မြန်မာနိုင်ငံ ပုဂံခေတ်၊ အနော်ရထာမင်းကြီး၊ အလောင်းစည်သူမင်းကြီးနှင့် နရသီဟ ပတေ့မင်းတို့ လက်ထက်တွင် တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်ပူဇော်ရန် ကြိုးစားခဲ့ကြသည့် မှတ်တမ်းများ ရှိခဲ့သည်။ ရှင်ဒိသာ ပါမောက္ခ ဆရာတော်ကြီး ကိုယ်တိုင် လည်း နှစ်ပြည်ထောင်ချစ်ကြည်ရေး ပိုမိုတိုးတက်စေရေး ကြိုးပမ်းခဲ့သည့် သမိုင်းမှတ်တမ်းများအရ၊ ဗုဒ္ဓမြတ်စွယ် တော်ကို အကြောင်းပြု၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အစဉ်အလာကောင်းများရှိခဲ့ကြောင်း ထင်ရှားလှပါသည်။

 

သဒ္ဓါအဟုန်နှင့်တည်ထားခဲ့သော သာသနာပြုလုပ်ငန်းမှတ်တမ်းများ

 

မဟာစိနပဘာစေတီတော်ကြီးအား ၂၀၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ရတနာပန္နက်တော်တင်နှင့် ရတနာ အုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနား ကျင်းပခဲ့သည်။ တည်ဆောက်ရေးကာလမှာ ၂ဝ၁၂ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် မေလအထိ နှစ်နှစ် ခန့် ဖြစ်ပါသည်။ ဉာဏ်တော် ၁ဝ၈ ပေရှိ၍ အတွင်းလိုဏ်နှစ်ဆင့်နှင့် ဌာပနာ သုံးဆင့် ပါရှိသည်။ ရွှေတိဂုံပုံတူစေတီတော်ကြီးနှင့်အတူ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ၊ နဂါးရုံဘုရား၊ တံခွန်တိုင်၊ ခေါင်းလောင်းတော်၊ ရတနာကျောက်စိမ်း၊ စကျင်ကျောက်၊ ကြေးသွန်းနှင့် ကျွန်းသစ်ရတနာသားတို့ နှင့် ထုဆစ်ထားသော ကြည်ညိုဖွယ် ဗုဒ္ဓရုပ်ပွားတော်လေးဆူ၊ ဂြိုဟ်တိုင်ရှစ် တိုင်၊ ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူ၊ မော်ကွန်း ကျောက်စာတိုင်၊ မန္တလေးရတနာပုံ မြို့ရိုးပုံစံ မဟာရံတံတိုင်း၊ နန်းတော်မုခ်ဦး ပုံစံ မုခ်ကြီးလေးမုခ်နှင့် ဗုဒ္ဓဝင် ကျောက်ဆစ်ပန်းပုလက်ရာများအပြင် ကျောင်းဆောင်တော် အစရှိသော သာသနိက အဆောက်အဦများကိုပါ သဒ္ဓါထက်သန်စွာနှင့် အမြတ်ဆုံးသော ဓမ္မပဏ္ဏာ ချစ်ကြည်ရေး သမိုင်းဝင် မော်ကွန်းတင် လှူဒါန်းလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

 

ထုထည်ကြီးမားစွာတည်တံ့နေမည့် ချစ်ကြည်ရေး မှတ်တိုင်ကြီးတစ်ခု

 

နှစ်နိုင်ငံချစ်ကြည်ရေး သမိုင်း ကြောင်းတွင် မရှိခဲ့ဖူးသေးသည့် ဤထုထည်သဒ္ဓါကြီးမားစွာ သာသနာပြု တည်ထားခဲ့သော “မဟာစိနပဘာစေတီ တော်မြတ်ကြီး”ကို အကြောင်းပြု၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ ချစ်ကြည်ရေးလက်ဆောင်၊ ဓမ္မပဏ္ဏာ စေတီတော်ကြီး အဓွန့်ရှည်တည်ပါစေ ကြောင်းနှင့် နှစ်ပြည်ထောင် ချစ်ကြည် ရေး “ အေးအတူ ပူအမျှ အသိုက်အဝန်း” အတူတကွ တည်ဆောက်ကာ ရာသက်ပန် လက်တွဲရပ်တည် နေထိုင်နိုင်ကြပါစေ ကြောင်း ဆန္ဒမွန်ဖြင့် မှတ်တမ်းပြု တင်ပြအပ်ပါသည်။ ။