ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့် ရွှေ့ပြောင်းနေထိုင်မှုများ

 

သီဟစည်သူ

ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးသည် လျင်မြန်သောပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး သိသာထင်ရှားသော အကျိုးဆက်များထဲမှတစ်ခုမှာ ရာသီဥတုဆိုင်ရာ အိုးအိမ်စွန့်ခွာ နေရပ်ရွှေ့ပြောင်း သွားလာမှုများပင်ဖြစ်သည်။

ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုများဆိုသည်မှာ ပတ်ဝန်းကျင်အခြေအနေများ ပြောင်းလဲခြင်းကို တုံ့ပြန်ရန်အတွက် လူ၊ တိရစ္ဆာန်များနှင့် အပင်များ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်း ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ၊ ပြောင်းလဲလာသော ဂေဟစနစ်များ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ဆိုင်ကလုန်းမုန်တိုင်းများ ကဲ့သို့ ပြင်းထန်သော ရာသီဥတုအခြေ အနေများနှင့် ရောဂါပြန့်ပွားမှုပုံစံများ ပြောင်းလဲခြင်းအပါအဝင် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ပတ်သက်သည့် အကျိုးဆက်များသည် ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုများ ဖြစ်ပေါ်လာ စေရန် တွန်းအားပေးလျက်ရှိသည်။

ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်း၏ သက်ရောက်မှုများသည် လူသား အသိုင်းအဝိုင်းများ သာမက တောရိုင်း တိရစ္ဆာန်များနှင့် ဂေဟစနစ်တစ်ခုလုံး ကိုပါ ထိခိုက်စေနိုင်သည်။

 

ဖြေရှင်းရခက်သည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရ

 

လူသားများအတွက် ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုများသည် ထိခိုက်လွယ်သော အသိုက်အဝန်းများအကြား အိုးမဲ့အိမ်မဲ့ဖြစ်မှုကြောင့် ခိုလှုံရာ နေရာအသစ်များနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများရှာဖွေရန် ဖြေရှင်းရခက်သည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်။ ၂၀၅၀ ပြည့်နှစ်တွင် လူပေါင်း သန်း ၁၄၀ ကျော်ခန့်သည် ပြောင်းရွှေ့နေထိုင်သူများ ဖြစ်လာနိုင်မည်ဟု ကမ္ဘာ့ ဘဏ်၏ သုတေသနပြုချက်အရ ခန့်မှန်းထားပြီး ရာသီဥတုကြောင့် ရွှေ့ပြောင်း နေထိုင်သူများသည် ဒေသသုံးခုဖြစ်သည့် လက်တင်အမေရိက၊ အာဖရိကဆာဟာရဒေသနှင့် အရှေ့တောင်အာရှ ဒေသများမှ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းနေရပ် စွန့်ခွာသူများ စောင့်ကြည့်လေ့လာရေးစင်တာ (IDMC) မှ အချက်အလက်များ အပါအဝင် နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IOM)က ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုနှင့် ဆက်နွှယ်သော အခက်အခဲများကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ပျမ်းမျှလူပေါင်း ၂၁ ဒသမ ၆ သန်းသည် ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ ဖြစ်လာခဲ့သည်။ အဆိုပါအစီရင်ခံစာအရ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှုနှင့်ဆက်နွှယ်သော ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်မှုအရှိဆုံး ဒေသများဖြစ်သည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၌ (၁၀ သန်းကျော်)၊ အရှေ့ တောင်အာရှ၌ (ရှစ်သန်းကျော်)၊ ဆာဟာရ အာဖရိက၌ (နှစ်သန်းကျော်)၊ အမေရိက၌ (နှစ်သန်းခန့်)၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၌ (နှစ်သန်းနီးပါး)၊ ဥရောပနှင့် အလယ်ပိုင်းအာရှတို့၌ လူ နှစ်သန်းနီးပါးသည် ရေလွှမ်းမိုးမှုဘေး ဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်း အစီရင်ခံစာက မီးမောင်းထိုးပြထားသည်။

 

သန်းပေါင်းများစွာတိုးလာဖွယ်ရှိ

 

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုသည်လည်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း အရှေ့အာဖရိကကမ်းရိုးတန်းရှိ ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူ ခုနစ်သိန်းခွဲခန့် ရှိနိုင်မည်ဟု ဖော်ပြထားသည်။ ထို့အတူ ၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်ရေမျက်နှာပြင် ၀ ဒသမ ၄၄ မီတာ တက်လာပါက ဘင်္ဂလားဒေ့ရှ်၌ ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၇၃၀၀၀၀ ခန့် ရှိလာနိုင်ပြီး ကမ္ဘာ့ဒေသအသီးသီး၌ ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာ တိုးလာဖွယ်ရှိ ကြောင်း ခန့်မှန်းထားသည်။ ဥပမာ အားဖြင့် မိမိတို့မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလအတွင်း ဝင်ရောက်တိုက်ခတ် ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် လူနေအဆောက် အအုံများ၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ အပါအဝင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုများ၏ ပျမ်းမျှခန့်မှန်းချက်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံခန့်ရှိပြီး ယင်းပမာဏ သည် ၂၀၂၁ ခုနှစ် မြန်မာ့ GDP၏ ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ကမ္ဘာ့ ဘဏ်က ခန့်မှန်းခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပျက်စီးမှုအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်သည်တွင် ထိခိုက်သူ ၁ ဒသမ နှစ်သန်းခန့်ရှိပြီး ပြည်တွင်း အိုးအိမ်မဲ့ဒုက္ခသည်စခန်းများ ပျက်စီးခဲ့ကာ လူအများအပြားလည်း သေဆုံးခဲ့သည်။ အဆိုပါမုန်တိုင်း မဝင်ရောက်မီ အချိန်ကတည်းက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့မှုနှင့်အတူ မုန်တိုင်း တိုက်ခတ်ပြီးနောက် အိုးအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကြောင့်လည်း ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ယင်းသည် သိသာ ထင်ရှားသည့် ရာသီဥတုဆိုင်ရာ အိုးအိမ် စွန့်ခွာ ရွှေ့ပြောင်းရမှုများကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများပင်ဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အစိုးရ ၏ ရန်ပုံငွေများစွာလည်း ကုန်ကျခဲ့ရသည်။

 

ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်မှုများ

 

ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်မှုများမှာ များသောအားဖြင့် မြေယာပျက်စီးခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်မှု ၇၁ ရာခိုင်နှုန်း၊ မိုးခေါင်ရေရှားမှုကြောင့် ၅၀ ရာခိုင်နှုန်းနှင့် သစ်တောပြုန်းတီးမှု ကြောင့် ၄၅ ရာခိုင်နှုန်းတို့ ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုးရွား လာသည်နှင့်အမျှ သဲကန္တာရဖြစ်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ လေထုညစ်ညမ်းခြင်း၊ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့်စစ်မက်ဖြစ်ပွားမှုများ ကြောင့်လည်း ကမ္ဘာတစ်ဝန်းလုံးရှိ အနည်းဆုံး လူပေါင်း ၈၉ ဒသမ ၃ သန်းခန့်တို့သည် ၎င်းတို့၏နေအိမ်များမှ စွန့်ခွာထွက်ပြေးလာစေရန် တွန်းအား ပေးနေကြောင်း ကုသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားသည်။

တစ်ချိန်တည်းတွင် ဟာရီကိန်း မုန်တိုင်းများ၊ ရေကြီးရေလျှံခြင်းနှင့် တောမီးများကဲ့သို့သော သဘာဝဘေး အန္တရာယ်များသည် လူများကို အိုးအိမ် စွန့်ခွာထွက်ပြေးစေရန် တွန်းအားပေးနေပြီး၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသခံများ ရေလွှမ်းမိုးမှုအန္တရာယ်များ ကြုံတွေ့လာ သည်နှင့်အမျှ နေရာရွှေ့ပြောင်းနေထိုင်ရန် လိုအပ်မှုမှာ ပိုမိုအရေးတကြီး လိုအပ် လာလျက်သည်။ ထို့ပြင် ရာသီဥတုပုံစံ ပြောင်းလဲလာခြင်းနှင့် ရောဂါပြန့်ပွားမှုများသည်လည်း ပြည်သူ့ကျန်းမာရေးနှင့် လူဦးရေရွှေ့ပြောင်းမှု၏ အသွင်အပြင်ကို ပြောင်းလဲစေလျက်ရှိသည်။

 

ကြီးထွားလာနေသော ခြိမ်းခြောက်မှုတစ်ခု

 

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ လက်ထောက်ညွှန်ကြား ရေးမှူး ဘက်သ်ဘီချ်ဒေါက ရာသီဥတု ဖောက်ပြန်မှုသည် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်နိုင်ပြီး ၎င်း၏သက်ရောက်မှုများ သည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ပါ ကြီးထွားလာနေသော ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း သိပ္ပံနည်းကျ အထောက်အထားများက ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။ ‘‘ငြိမ်းချမ်းရေးမရှိရင် စားနပ်ရိက္ခာဖူလုံမှုမရှိသလို စားနပ်ရိက္ခာ ဖူလုံမှုမရှိဘဲ ငြိမ်းချမ်းရေးလည်း မရှိနိုင်’’ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကလည်း ထပ်လောင်းသတိပေးထားသည်။ လက်ရှိကမ္ဘာ့နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် လူပေါင်း ၂၅၈ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှု မြင့်မားမှုနှင့် ရင်ဆိုင်နေရပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံကျော်မှာ ရာသီဥတုနှင့် ပဋိပက္ခများ ကြောင့် ငတ်မွတ်မှုနှုန်း မြင့်မားနေကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် လုံခြုံရေးဆိုင်ရာ ဖိအားများကြောင့်လည်း ရေနှင့် မြေအရင်းအမြစ်များ ရှားပါးလာမှုအတွက် မွေးမြူရေးနှင့် လယ်သမားများကြား တင်းမာမှုနှင့် ပြိုင်ဆိုင်မှုများ တိုးမြင့်လာခဲ့ကြောင်း ဘီချ်ဒေါက ဆိုထားသည်။

ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ ဝင်ရိုးစွန်းရေခဲလွှာများ ဆုံးရှုံးခြင်းနှင့် ဆက်နွှယ်နေသော ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် သမုဒ္ဒရာရေစီးကြောင်းများ ပြောင်းလဲခြင်းတို့အပါအဝင် ကမ္ဘာ၏ ရာသီဥတုစနစ်တွင် နောက်ပြန်လှည့်၍မရသော အန္တရာယ်ကြီးမားလှသည့် ‘‘စံချိန်မှတ်များ” ကို တဖြည်းဖြည်း ဖြတ်ကျော်လာခဲ့ရသည်။ ဥပမာ စံချိန်တင်မိုးရွာသွန်းခြင်း၊ စံချိန် တင် အပူချိန်မြင့်မားခြင်း၊ ကမ္ဘာ့အပူချိန် စံချိန်သစ်များရောက်ရှိလာခြင်း အစရှိသည့် စံချိန်မှတ်များကို ဖြတ်ကျော်လာမှုများသည် လူသားမျိုးနွယ်တို့အတွက် မကြုံစဖူးကြီးမားသော သဘာဝဘေး အန္တရာယ်ဆိုင်ရာ ခြိမ်းခြောက်မှုများ၏ သံချောင်းခေါက်သံများပင် ဖြစ်ပါကြောင်း။  ။

ကိုးကား-

(၁) Climate change and displace-ment: the myths and the facts

(၂) Extremely Severe Cyclonic Storm Mocha, May 2023, Myanmar: Global Rapid Post-Disaster Damage Estimation (GRADE) Report