နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော်၊ ဖေဖေါ်ဝါရီ  ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr.  Iskander Azizov နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ရှည်ကြာခိုင်မြဲသည့် သံတမန် ဆက်ဆံမှုများ ရှိခဲ့ပြီး ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုတက်ကောင်းမွန်လာမှု အခြေအနေများ၊ နှစ်နိုင်ငံနိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများအနေဖြင့် ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှုအခြေအနေများ၊ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးနှင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား  ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn