စွမ်းအင်ဝန်ကြီးဌာန၏ပတ္တမြားရတုအကြို (၃၉)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် စွမ်းအင်ဝန်ကြီးဌာနမိသားစု မြန်မာနှစ်သစ်အကူးအကြို မိတ်ဆုံစားပွဲကျင်းပ

နေပြည်တော်      ဧပြီ      ၁၂

 

စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုအချင်းချင်း ချစ်ခင်ရင်းနှီး၍  စည်းလုံး ညီညွတ်မှုရှိစေရန်၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်၍ အချင်းချင်းရိုင်းပင်းကူညီတတ်စေရန်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်သစ်တွင် စိတ်ဓာတ်ခွန်အားများ ပြည့်ဝနေ စေရန်နှင့် ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် စွမ်းအင်ဝန်ကြီးဌာန၏ ပတ္တမြားရတုအကြို (၃၉)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် မြန်မာနှစ်သစ်အကူးအ ကြိုမိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၆)၊ ရတနာခန်းမတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်သည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော စွမ်းအင်ကဏ္ဍကို တာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝန်ထမ်းများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း၊ ယနေ့သည်စွမ်းအင်ဝန်ကြီးဌာန၏ ပတ္တမြားရတုအကြို (၃၉)နှစ်မြောက်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်နောင်တော်များ၏ ကျေးဇူးကိုသတိရကြ စေလိုကြောင်း၊ နောင်နှစ်များစွာတိုင်အောင် ယခုလိုဝန်ကြီးဌာနကြီး အောင်မြင်စွာရပ်တည်နိုင်ရန်အတွက် ဝန်ထမ်း အကြီးအမှူးမှ အောက်ခြေဝန်ထမ်းအထိတာဝန်ရှိသူတိုင်းမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ မြန်မာနှစ်သစ်ကာလတွင် ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ၍ စိတ်သစ်လူသစ်ဖြင့် တိုင်းပြည်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေလိုပါကြောင်း၊ မိမိတို့၏အတတ်ပညာ၊ အသိပညာများ ကိုအသုံးချ၍ ဝန်ကြီးဌာနနှင့်နိုင်ငံတော်အကျိုးကို ဆထက်ထမ်းပိုးကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်ကြပါစေ လိုကြောင်း၊ နှစ်သစ်ဆုမွန်ကောင်းစကားများ ပြောကြားသည်။

 

အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုယိမ်းအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး ဝန်ထမ်းများနှင့်အတူ နံနက်စာလက်ရေတစ်ပြင်တည်း သုံးဆောင်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အတာရေဖြင့် ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)