ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် အစားအသောက် ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ တက်ရောက်

နေပြည်တော် ဧပြီ ၁၂

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် နည်းပညာတက္ကသိုလ်၌ ကျင်းပသည့် အစားအသောက် ဘေးကင်းလုံခြုံရေး အခြေခံသင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

 

 ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်က ချမှတ်ထားသော အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာ ဖူလုံရေးကို အထောက်အကူပြုနိုင်ရေး၊ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင် ရေးအတွက် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ ဒေသထွက် တန်ဖိုးမြှင့် MSME စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အစားအသောက်ဘေးကင်းလုံခြုံရေးသည် အခြေခံအချက်တစ်ခုဖြစ်ပါကြောင်း၊ Food Science and Technology နှင့် Food Security ဆိုင်ရာ သင်တန်းများနှင့် အသိပညာပေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကို ယခုထက် ပိုမိုကျယ်ပြန့်ထိရောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

သင်တန်းသားများအနေဖြင့် ယခုသင်တန်းက လေ့လာသိရှိခဲ့ရသည့် အစားအသောက် ဘေးကင်းလုံခြုံရေး ဆိုင်ရာ အသိအမြင်များကို သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိလျှင် အကျိုးရှိစွာ ပြန်လည်အသုံးချခြင်း အပြင် လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်ဝန်းကျင်ရှိ အခြားလုပ်ငန်းရှင်များနှင့် ပြည်သူများထံ ဆက်လက်ဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊မကြာမီကျရောက်တော့မည့်၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်မင်္ဂလာအခါသမယမှစ၍ လုပ်ငန်းများ အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း  ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများထံ စာကြည့်တိုက်အတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ လှူဒါန်းပေးအပ်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြသည်။ ထို့နောက် သင်တန်းသားများကိုယ်စား နေပြည်တော်မှ ရာပြည့်မျှစ်ထုတ်လုပ်ရေး လုပ်ငန်းရှင်နှင့် သင်တန်းသူများကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန၊သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေး ထုတ်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်း(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြား ကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများကို လည်းကောင်း၊ တက္ကသိုလ်ဥပဓိ ရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။

(သတင်းစဉ်)