အပင်မျိုးမွေးမြူရေးနည်းပညာဆိုင်ရာမွမ်းမံသင်တန်း ဖွင့်လှစ်မည်

နေပြည်တော်       ဧပြီ        ၁၂

 

သီးနှံမျိုးသစ်များမွေးမြူထုတ်လုပ်ရာတွင် အရေးကြီး၍ အခြေခံအကျဆုံးဖြစ်သည့် မျိုးကူးစပ်မွေးမြူ ရွေးချယ်ရေး နည်းလမ်းများကို မျိုးဆက်သစ် စိုက်ပျိုးရေးပညာရှင်များအကြားတွင် ပိုမိုသိရှိ ကျွမ်းကျင်လာစေရန် အပင်မျိုးမွေးမြူရေးဘာသာရပ်ဆိုင်ရာမွမ်းမံ သင်တန်းကိုဌာနတွင်း စွမ်းဆောင်ရည် မြှင့်သင်တန်း အဖြစ်ဖွင့်လှစ်သွားမည်ဖြစ်ရာ အဆိုပါသင်တန်းတွင် ပို့ချဆွေးနွေးမည့် အချက်အလက်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဉီးစွာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အပင်မျိုးမွေးမြူရေးဘာသာရပ်၏ အခြေခံသဘောတရား များနှင့် အဆင့်မြင့်နည်းပညာများကို ပိုမိုသိရှိနားလည်လာစေရန် စီမံဆောင်ရွက်ရန်လိုကြောင်း၊ အပင်မျိုးသစ် မွေးမြူထုတ်လုပ်သည့် စိုက်ပျိုးရေးပညာရှင်များ၏ အပင်မျိုးသစ်မွေးမြူရွေးချယ် ထုတ်လုပ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာနိုင်စေရန်နှင့် သင်ယူတတ်မြောက်ပြီးပါက အပင်မျိုးမွေးမြူရေးဘာသာရပ်များကို အသုံးပြု၍ သီးနှံမျိုးသစ်များမွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ မွေးမြူရရှိသည့် မျိုးကောင်း နှင့် မျိုးသန့်များကို စိုက်ပျိုးသူတောင်သူလယ် သမားများထံ အရောက်ပို့ဆောင်ပေးပြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို  အထောက်အကူပြုနိုင်ရေး ကြိုးပမ်းသွားကြစေ လိုကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုပြောင်းလဲမှု အရှိန်အဟုန်သည် မြန်ဆန်နေသောကြောင့် မျိုးတစ်မျိုး၏ အောင်မြင်ဖြစ်ထွန်းမှုသက်တမ်းသည် တိုတောင်းလျက်ရှိရာ မျိုးသစ်များကို မြန်မြန်ဆန်ဆန် အစားထိုးစိုက်ပျိုးနိုင်ရန်လိုအပ်သဖြင့် မျိုးစပ်မွေးမြူခြင်း သုတေသန လုပ်ငန်းကို အင်တိုက်အားတိုက်ဆောင်ရွက်၍ သေချာစွာစမ်းသပ်ထားသော မျိုးများကိုသာ အသုံးပြု စိုက်ပျိုးရန် အရေးကြီးကြောင်း၊ မျိုးကူးမျိုးစပ်မွေးမြူရေးနှင့် မျိုးစမ်းသပ်ရေးလုပ်ငန်းများတွင် သုတေသီများနှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများ တင်ပို့ရောင်းချ သူလုပ်ငန်းရှင်များ ပါဝင်သော သီးနှံမျိုးမွေးမြူရေးလုပ်ငန်းများ (PARTICIPATORY BREEDING) တွင်တွင်ကျယ်ကျယ်ဆောင်ရွက်ကြရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနများမှ သုတေသီများ၊ ပညာရှင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

 

စားရေရိက္ခာဖူလုံစေရေး၊ အာဟာရသမမျှတစွာ စားသောက်နေထိုင်စေရေး နှင့် အရည်အသွေးမြင့်မားသော လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရေ၊ မြေ ဒေသအလိုက် သင့်တော်သော သီးနှံ မျိုးသစ်များ၊ ပြောင်းလဲလာသော ရာသီဉတုနှင့် လိုက်လျောညီထွေရှိသည့် သီးနှံမျိုးသစ်များရရှိရန် သီးနှံမျိုးသစ်များ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်းကို နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် စိုက်ပျိုးရေးဝန်ထမ်းများ ကျွမ်းကျင်မှုမြင့်မားလာကြစေရန်နှင့် သီးနှံမျိုးသစ်များမွေးမြူ ရွေးချယ်ထုတ်လုပ်ခြင်းလုပ်ငန်းကို ထိရောက်အောင်မြင်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန် သီးနှံမျိုး သစ်များမွေး မြူထုတ်လုပ်ရာတွင် ရည်ရွယ်ချက်အလိုက် မျိုးစပ် မွေးမြူရွေးချယ်၍ သုတေသနပြု ဖော်ထုတ်နိုင်ကြစေရန် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းကို မေလအတွင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)