နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်ဝစေရန်၊ သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေရန်၊ ပင်လယ်ရေထု ညစ်ညမ်းမှုနှင့်  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ကာကွယ်နိုင်စွမ်းအားများ မြှင့်တင်နိုင်ရန် ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ကြရမည်

 

နေပြည်တော်၊ ဇွန် ၂၄

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (ပဥ္စမအကြိမ်) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဉီးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဉီး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင်၊ ဉီးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေး ဉီးစီးချုပ်ရုံး (ရေ) မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဉီးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဉီးက မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံ အုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီကို ကော်မတီဝင် (၂၂) ဉီးဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန် (၁၀) ရပ်ကို အပ်နှင်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဗဟိုကော်မတီသို့ အပ်နှင်းထားသည့် တာဝန်ဝတ္တရားများနှင့်အညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သည့် ရလာဒ်များအဖြစ် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ် (Integrated Coastal Management-ICM) ကို အပြီးသတ်ရေးသား အတည်ပြုနိုင်ခဲ့မှု၊  မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့မှု၊ ပင်လယ်ပြင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ (Marine Pollution Control Law) အား အပြီးသတ်ရေးသားနိုင်ခဲ့မှု၊ အဏ္ဏဝါဂေဟစနစ် တန်ဖိုးမြင့်မားပြီး ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့်နေရာများကို ငါးမဖမ်းရ နယ်မြေများ၊ Hot Spot/ Diving Sites များ သတ်မှတ်ပေးနိုင်ခဲ့မှု၊ ပင်လယ်ကမ်းရိုးတန်း ဒေသများ ညစ်ညမ်းမှုတားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် ပညာပေးအစီအစဉ်များ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှု၊ ပင်လယ်ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် ကိုကိုးကျွန်းအပါအဝင် ကမ်းရိုးတန်းမြို့နယ် (၆၀) တွင် ဒီရေတောနှင့် အရိပ်ရပင် တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင်စိုက်ပျိုးနိုင်ခဲ့မှု၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပင်လယ်ပြင်ဥပဒေစိုးမိုးရေး မြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှု စသည့် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့အောင် စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများကို ကော်မတီဝင်များအားလုံး၊ လုပ်ငန်းဌာနများအားလုံး၏ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။

မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအသီးသီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပါကြောင်း။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (Sustainable Development Goal) ၁၇ ရပ် အနက် ပန်းတိုင် ၁၄ သည် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်ပန်းတိုင်ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာရေထု၏အပူချိန်၊ ပင်လယ်ရေစီးကြောင်း၊ ရေနေသတ္တဝါနှင့် ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ ရှင်သန်ရပ်တည်နိုင်ရန် အဓိကအထောက်အပံ့ပြုပေးနေသည့် အခြေခံအကြောင်းတရားများ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ပေါ်တွင် လူဦးရေသန်းပေါင်း သုံးထောင်ကျော်၏ အသက်မွေး ဝမ်းကျောင်းနှင့် အလုပ်အကိုင်များသည် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများအပေါ်မှီခိုရှင်သန်နေရပါကြောင်း။

သို့သော် ယခုအခါ ကမ္ဘာ့ငါးသယံဇာတ၏ ၃၀ ရာခိုင်နှုန်းခန့်သည် အလွန်အကျွံ့ ထုတ်ယူသုံး စွဲခဲ့ကြပြီးဖြစ်ပါကြောင်း၊ ထိုသို့ကမ်းရိုးတန်းဒေသများတွင် အလွန်အကျွံထုတ်ယူ သုံးစွဲမှုများကြောင့် ငါးသယံဇာတများ သိသိသာသာ လျော့နည်းပြုန်းတီးလာသည့်အပြင် ပင်လယ်ရေထု ညစ်ညမ်းမှုများသည်လည်း ငါးသယံဇာတနှင့် ဂေဟစနစ်များကို ခြိမ်းခြောက်လျက် ရှိပါကြောင်း၊ ပင်လယ်ရေထုတွင် တွေ့ရှိရသည့်အညစ်အကြေးနှင့် စွန့်ပစ် ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အဓိကအားဖြင့် ကုန်းတွင်းပိုင်းမှ စွန့်ပစ်သည့် ပစ္စည်းများ ဖြစ်သည်ဟုသိရှိရပါကြောင်း၊ ပင်လယ်ရေထုအတွင်း ရောက်ရှိလာသည့် စွန့်ပစ်ပစ္စည်း အများစုသည် ပလပ်စတစ်ပစ္စည်းများနှင့် စွန့်ပစ်ငါးဖမ်းပိုက်များဖြစ်သည်ဟု သိရှိရကြောင်း၊

 ထိုသို့ ပင်လယ်ရေထု ညစ်ညမ်းမှုများသည် အဏ္ဏဝါရေပြင်ကို အလွန်ထိခိုက်စေခြင်းကြောင့် သန့်ရှင်းသည့် ငါးသယံဇာတများ ရေရှည်တည်တံ့စွာထုတ်ယူနိုင်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ အဏ္ဏဝါဇီဝ မျိုးစုံမျိုးကွဲပေါများကြွယ်ဝမှု၊ လူသားတို့၏ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို များစွာခြိမ်းခြောက်လျက်ရှိပါကြောင်း၊ စွန့်ပစ်ပစ္စည်းများ စုပုံဖုံးအုပ်ခြင်းများကြောင့် ငါးနှင့် ပင်လယ်သတ္တဝါများ သေကြေပျက်စီး ပြုန်းတီးခြင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါသဘာဝအရင်းအမြစ်များဖြစ်သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ မြစ်ဝကျွန်းပေါ်နှင့် သဲသောင်ကမ်းခြေများတွင် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေထုအတွင်း ဆီယိုဖိတ်မှုများ၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးသင်္ဘောများတွင် တပ်ဆင်ထားသော စွမ်းအားမြှင့် အသံလှိုင်းထုတ်လွှင့်စက်များကြောင့် အသံညစ်ညမ်းမှုများလည်း ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့အဏ္ဏဝါရှားပါး နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်သော ဝေလငါးများ၏ အစာရှာဖွေစားသောက်စနစ်နှင့် အခြားအရေးကြီးသော အပြုအမှုများကို ဖျက်ဆီး ဟန့်တားမှုများ ဖြစ်ပေါ်စေရုံသာမက အဏ္ဏဝါကျောရိုးမဲ့ သတ္တဝါများအား သေစေနိုင်သည်အထိ ဖြစ်ပေါ်စေလျက်ရှိပါကြောင်း။

အပြည်ပြည်ဆိုင်ရာသဘာဝဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ( International Union for the Conservation of Nature-IUCN) ၏ ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်စာရင်းများအရအဏ္ဏဝါ နို့တိုက်သတ္တဝါများ၏ ၂၅ ရာခိုင်နှုန်း၊ ပင်လယ်ငှက်များ၏ ၂၇ ရာခိုင်နှုန်းနှင့်သန္တာကျောက်တန်း များ၏ ၂၇ ရာခိုင်နှုန်းသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်လျက်ရှိသည့်အပြင် နောင်လာမည့် ၂၁၀၀ ပြည့်နှစ်တွင် အဏ္ဏဝါမျိုးစိတ်၏ ထက်ဝက်ကျော်ခန့် မျိုးသုဉ်းပျောက်ကွယ်လိမ့်မည်ဟု ခန့်မှန်းထားကြပါကြောင်း။ ထို့ကြောင့် နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်ဝစေရန်၊ သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေရန်၊ ပင်လယ်ရေထု ညစ်ညမ်းမှုနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကိုတုံ့ ပြန်ကာကွယ်နိုင်စွမ်းအားများကို မြှင့်တင်နိုင်ရန်တို့အတွက် ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

ကော်မတီဝင်များအနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ထိန်းသိမ်း ရေးလုပ်ငန်းများ၏ စိန်ခေါ်မှုများကို စနစ်တကျ ဖြေရှင်းဆောင်ရွက်ကြရန်၊ ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဒေသတွင်း အစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါ ရေပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း (ICM) အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင်၊ ဉီးခင်မောင်ရီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဉီးစီးအရာရှိချုပ် (ရေ)၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ်များ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဉီး က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်