မော်လမြိုင် ဇူလိုင် ၂

 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ကျရောက်မည့် (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်၊ ပြည်နယ်သမဝါယမ အသင်းစုချုပ်၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ၊ ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က EXIM Bank ချေးငွေကျန်များအတွက် Exchange Loss နှင့် ပေးသွင်းရမည့်ငွေများ တာဝန်ကြေပေးသွင်းပြီးဖြစ်သည့် မော်လမြိုင်မြို့နယ် သမဝါယမ အသင်းစုအား ဂုဏ်ပြုဆုနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်ချီးမြင့်သည့် စီမံခန့်ခွဲရေး ထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသည့် မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်ခင်မာအေးအား ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်  (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအားလည်းကောင်း၊  စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၉၂)တွင် သေနတ်ပစ်ထူးချွန်ဆုနှင့် စစ်ရေးပြထူးချွန်ဆု နှစ်ဆုရရှိခဲ့သည့် ဌာနခွဲစာရေးဝန်ထမ်းအားလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်(ဖောင်ကြီး)တွင် ထူးချွန်ဆုရရှိကြသူများအားလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင်  ပထမ၊  ဒုတိယ၊ တတိယဆုရရှိသည့်  ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် မွန်ပြည်နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌက  သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ အသင်းစုချုပ် အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား ဆန်၊ ဆီ ၊ စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သက်နိုင်(မော်လမြိုင်)