နေပြည်တော်   အောက်တိုဘာ   ၅

စက္ကူစက်ရုံ(ရေနီ) ရေဘေးသင့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စက္ကူစက်ရုံ(ရေနီ)၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်ပြီး စာနာနားလည်စိတ်၊ ကူညီရိုင်းပင်းစိတ်၊ လူမှုတာဝန် သိစိတ်တို့ဖြင့် ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် စက်ရုံမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး အစီအမံများ ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ 

ထို့နောက် တာဝန်ရှိသူများက ရေဘေးသင့်ဝန်ထမ်း (၄၅) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၉၀)ကို ထောက်ပံ့ပေးအပ်ကြသည်။  

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း ကတ်ထူစက္ကူများ ထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်နှင့် ထုတ်လုပ်ပြီး ကတ်ထူစက္ကူများအား ဈေးကွက်သို့ တင်ပို့ရန် ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံများ လည်ပတ်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် ဝန်ထမ်းများ၌ ရှိပြီးဖြစ်သော ကျွမ်းကျင်မှုများကို ပိုမို တိုးတက်စေမည့်အပြင် ပြည်ပမှ တင်သွင်းရမှုကို လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားငွေ အသုံးပြုရမှု သက်သာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်သဖြင့် လုပ်ငန်းတာဝန်များကို ကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

တစ်ရက်လျှင် ထုပ်ပိုးစက္ကူ တန် (၈၀) ထုတ်လုပ်နိုင်သည့် စက်ရုံကိုလည်း ဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အားထားရသည့် ဝန်ထမ်းများဖြစ်အောင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်