ရန်ကုန် အောက်တိုဘာ ၅
ဆေးတက္ကသိုလ်(၂) ရန်ကုန်၏ မြသီလာ ကျောင်းသား ကျောင်းသူဆောင် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောင်ရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြသီလာ ကျောင်းသားကျောင်းသူဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အဦ အထိမ်းအမှတ်ကြေးပြားကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြကာ အဆောက်အဦအသစ် အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆေးတက္ကသိုလ် (၂) တွင် ပညာသင်ကြားနေသော ဘွဲ့လွန်/ဘွဲ့ကြို၊ ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချ စိတ်အေးချမ်းသာစွာနေထိုင်ပြီး ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ မြသီလာ ကျောင်းသား ကျောင်းသူ အဆောင်သစ်ကြီးကို ဆောက်လုပ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နောင်တွင်လည်း လိုအပ်သည်များကို ဆက်လက်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Z&Y ကုမ္ပဏီလီမိတက်မှ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ မြသီလာကျောင်းသားကျောင်းသူ (၆-ထပ်ဆောင်) အဆောက်အဦ ပြီးစီးမှု မှတ်တမ်းကိုလွှဲအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် သိန်း (၁၀၀) ကို ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ်ထံ ပေးအပ်လှူဒါန်းသည်။
ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မြသီလာကျောင်းသားကျောင်းသူ (၆-ထပ်ဆောင်) အဆောက်အဦမှာ ယူပုံစံ (U Shape) ဖြစ်ပြီး စတုရန်းပေ (၈၁၉၀၀) ကျယ်ဝန်းပြီး ကျောင်းသား ကျောင်းသူ (၅၀၀) ကို အဆောင်စီစဉ်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်