တောင်တွင်းကြီး အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီး၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၃)ခု၊ ကျေးရွာအုပ်စု (၁၆)၊ ကျေးရွာပေါင်း (၃၇)ရွာရှိ ကောက်ကွက်ပေါင်း (၄၃)ကွက်၌ စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း (၂၁၇)ဦးက လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈)ချက် မေးမြန်းပြီး Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည်ပြည်စုံစုံ ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာသို့ မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းဇော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး၊ သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ကြိုးစားကောက်ယူကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)