မင်းဘူး အောက်တိုဘာ ၁၂
မင်းလှကျင်းကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး၊ မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းပြီး နွားလှည်းတန်းဖြင့် ဘုရားဖူးထွက်သည့် တစ်ရွာတည်းသော ကျေးရွာဖြစ်သည်။
“ကျွန်တော်တို့ရွာက ရွှေစက်တော်ဘုရားနဲ့ ၁၂ မိုင်လောက် ဝေးတယ်ဗျ။ ဘုရားပွဲတော်ရာသီရောက်တိုင်း နွားလှည်းတန်များနဲ့ ဘုရားဖူးထွက်ကြသလို ယခုနှစ်လည်း ဘုရားထွက်ကြဖို့ အားခဲထားကြပါတယ်။ ရွာကလူငယ်တွေ အခုလို တက်တက်ကြွကြွနဲ့ ဘုရားဖူးထွက်ဖို့ လိုက်ပါဆောင်ရွက်ကြသလို ရပ်ရွာထဲမှ အဘိုးအဘွားများနှင့် ရပ်မိရပ်ဖများကလည်း နွားလှည်းတန်းနဲ့ ဘုရားဖူးထွက်ကြတာဟာ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းတာဖြစ်တဲ့အတွက် သဘောကျတယ်လေ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ လက်ထက်ကြမှ ဒီလို ရိုးရာအစဉ်အလာတွေ ပျက်သွားတာမျိုး မလိုလားဘူးပေါ့ဗျာ။ ဒါကြောင့် နှစ်စဉ်မပျက် ရွှေစက်တော် ဘုရားပွဲရာသီရောက်တိုင်း နွားလှည်းတန်းတွေနဲ့ ဘုရားဖူးထွက်ကြတာပေါ့” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ပြောသည်။
မင်းလှကျင်းရွာသည် အိမ်ခြေ ၄၃၀ ခန့်ရှိကာ ရွာသူ၊ ရွာသားများသည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်၍ အသက်မွေး ဝမ်းကျောင်းပြုကြပြီး ရက်ကန်းရက်လုပ်သည့်လုပ်ငန်း၊ ဝါးလက်မှုအတတ်ပညာ လုပ်ငန်းများဖြစ်သော နှီးဖြာခြင်း၊ ထရံရက်ခြင်းနှင့် ရံဖန်ရံခါ တောင်းပလုံးများလည်း ရက်လုပ်ကြသည်။ ရွှေစက်တော်ဘုရားပွဲရာသီ တပေါင်းလသို့ရောက်ပြီဆိုလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကာလသားခေါင်းဆောင်များက ဘုရားဖူးထွက်ရန် ဆော်ဩစည်းရုံးကြသည်။
ထိုနွားလှည်းတန်းဖြင့် ဘုရားဖူးမည့်သတင်းကိုကြားသည့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ ဓာတ်ပုံပညာရှင်များကလည်း တောတန်း တောင်တန်းများ၊ လျှိုမြောင်ကြား ဖြတ်သန်းမောင်းနှင်လာသော ပေါင်းမိုးပါ နွားလှည်းတန်းကြီးနှင့် သဘဝအလှအပများ၏ လိုက်ဖက်တင့်မောဖွယ်ရာ လှပပုံများကို ရိုက်ကူးပုံဖေါ်ကာ Online Media များပေါ်တွင် ဖော်ပြနေကြသဖြင့် မင်းလှကျင်းကျေးရွာသည်လည်း ပွင့်ဖြူမြို့နယ်မှ ရေပုတ်ကြီးရွာကဲ့သို့ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းသည့် ကျေးရွာတစ်ရွာအဖြစ် တိုးလာပေဦးတော့မည်။
ဇေယျာထက်(မင်းဘူး)