နေပြည်တော်၊ အောက်တိုဘာ  ၁၂

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစိုက်ပျိုးသူတောင်သူများနှင့် နည်းပညာ နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ကျင်းပခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သီးနှံမျိုးနှင့်ပတ်သက်သော ပညာရှင်များ၊ မြေဆီလွှာပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များနှင့် စက်မှုလယ်ယာကဏ္ဍ ပညာရှင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မှ ဝါစိုက် တောင်သူများ တက်ရောက်ကြကာ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပညာရှင်များနှင့် တောင်သူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးကြသည်။ 

နှီးနှောဖလှယ်ပွဲတွင် ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးမှုအတွက် ဧက ၅၆၅၀၀၀ လျာထားခဲ့ပြီး  ၉၁ ဒသမ ၃၁ ရာခိုင်နှုန်း အောင်မြင်ခဲ့ကာ ဝါပိဿာ ၂၄၄ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဧက ၆၁၂၇၁၂ စိုက်ပျိုးရန် ရည်မှန်းထားပြီး စက်တင်ဘာလ ၃၀ ရက်အထိ ၈၂ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဝါသီးနှံ တစ်ဧကအထွက် တိုးမြှင့်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ၆ ခု၌ ဝါသီးနှံဇုန် ၁၄ ဇုန် ဖွဲ့စည်းထားပြီးဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝါသီးနှံ တစ်ဧက အထွက်တိုးမြှင့်ရေးအတွက် မျိုးကောင်းမျိုးသန့်နှင့် အရည်အသွေးကောင်းမျိုး ထုတ်လုပ် ဖြန့်ဖြူးရေးသည် အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်ရန် လက်ရှိဝါမျိုးစေ့ ဖြန့်ဖြူး ရောင်းချလျက်ရှိသော ပုဂ္ဂလိကဝါကြိတ်စက် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။ 

နှီးနှောဖလှယ်ပွဲတွင် ပညာရှင်များက ဝါသီးနှံ တစ်ဧက အထွက်နှုန်း တိုးတက်ရေး လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ၊ ဝါသီးနှံအထွက်နှုန်း တိုးတက်ရရှိရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးကြပြီး သီးနှံမျိုး၊ သီးနှံ ကာကွယ်ရေး၊ မြေဆီလွှာ၊ စက်မှုကဏ္ဍ၊ လယ်ယာမြေ စသည့်ကဏ္ဍတစ်ခုချင်းစီအလိုက် အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆာလ်ဖျူရစ်အက်စစ်ကို အသုံးပြုကာ ဂွမ်းမွှေးတိုများကို ဖယ်ရှား၍ မျိုးစေ့လုံးချော ထုတ်လုပ်ခြင်း နည်းပညာကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်