နေပြည်တော် အောက်တိုဘာ ၁၂

မြစ်ဝကျွန်းပေါ်ဒေသတွင် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စုကျေးရွာ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက် ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအလေးထား စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် အုန်းပင်စုကျေးရွာ စီမံကိန်းလုပ်ငန်း အပါအဝင် စီမံကိန်းလုပ်ငန်း (၁၅) ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်း၊ ဘက်စုံကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးရေး လုပ်ငန်း စီမံကိန်းများ၏ အတွေ့အကြုံများ၊ အကျိုးရလဒ်များကို အခြေခံပြီး ယခုစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ပထမအတွင်းဝန်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာ လုပ်ငန်းအစီအစဉ်များ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့်အတူ ဆင်းရဲမှုလျှော့ရေးကဏ္ဍများတွင်  ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ကိစ္စရပ်များကို လည်းကောင်း၊ တာဝန်ရှိသူများက မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း အကျဉ်းချုပ်နှင့် စီမံကိန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ 

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပထမအတွင်းဝန်တို့က မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်မည့် မြေနေရာ၊  Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်မည့် နေရာတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ညောင်းတုန်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ငှက်ပျောကျွန်း - ခတ္တိယ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်