ပွင့်ဖြူ ဇန်နဝါရီ ၉

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၄၂၄၇၇ ဧကအထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းနှင့် သီးနှံအထွက်နှုန်းများ တိုးတက်စေရန် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါမကျရောက်စေရေး ကြိုတင်ကာကွယ်နှိမ်နင်းခြင်း စသည့်လုပ်ငန်းများကို ဒေသခံတောင်သူများက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံ ၂၁၈၄၃ ဧက စိုက်ပျိုးရန် လျာထားပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန်အတွက် ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ကုလားပဲသီးနှံ ၄၂၄၇၇ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ကုလားပဲသီးနှံ ၂၁၈၄၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ဒီနေ့အထိ ၄၂၄၇၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ လျာထားဧကထက်ကျော်လွန်အောင် စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ကုလားပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ လက်ရှိမှာ စိုက်ပျိုးပြီးစီးတဲ့ ကုလားပဲစိုက်ခင်းတွေကို သီးနှံအထွက်နှုန်းကောင်းမွန်အောင် တောင်သူတွေက ကြိုးပမ်းလုပ်ကိုင်နေကြပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတွေကလည်း ပိုးမွှားရောဂါမကျရောက်အောင် ကြိုတင်ကာကွယ် နှိမ်နင်းရေးနည်းလမ်းတွေကို ပံ့ပိုးကူညီဆောင်ရွက် ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

သီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)