ညောင်ဦး ဇန်နဝါရီ ၉

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ပဲစင်းငုံစိုက်ခင်းများ ခုတ်သိမ်းနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးမောင်ဆန်းက ပြောကြားသည်။

 

ပဲစင်းငုံကြဲပက်စိုက်ပျိုးမှုများကို ကဆုန်လ၊ နယုန်လများတွင် နှမ်းဖြင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့် လည်းကောင်း၊ မြေပဲခင်းများတွင် တန်းကြောင်းချ၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ ပဲစင်းငုံသီးသန့်စိုက်ပျိုးမှုသိပ်မရှိဘဲ သီးညှပ်အဖြစ်သာ စိုက်ပျိုးမှုများကြောင်း၊ နှမ်းများ နုတ်သိမ်း၊ ရိတ်သိမ်းချိန်တွင် ပဲစင်းငုံပင်များကို ထယ်ထိုးမြေဆွပေးခြင်းဖြင့် ပဲစင်းငုံများ အပင်သန်မာထွားကြိုင်းလာကာ အပင်ဖြစ်ထွန်းလွယ်ကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ပဲစင်းငုံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ပဲစင်းငုံတစ်သီးစိုက်လျှင် ရှစ်လ၊ ကိုးလကြာမြင့်ခြင်းကြောင့် ပဲစင်းငုံစိုက်ပြီး ဈေးမကောင်းလျှင်ဖြစ်စေ၊ ပဲစင်းငုံမဖြစ်ထွန်းလျှင်ဖြစ်စေ စိုက်ပျိုးတောင်သူများ အင်မတန်နစ်နာကြောင်းနှင့် ကဆုန်၊ နယုန်လများတွင် ကြဲပက်စိုက်ပျိုးသည့် ပဲစင်းငုံတစ်သီးအား နတ်တော်လ၊ ပြာသိုလများတွင်မှ ခုတ်ယူရကြောင်း ပဲစင်းငုံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

 

ပဲစင်းငုံစိုက်တောင်သူများသည် ခုတ်သိမ်းပြီးချိန်တွင် ပခုက္ကူ၊ မြင်းခြံနှင့် ကျောက်ပန်းတောင်း ဈေးကွက်များသို့ သွားရောက်ရောင်းချကြောင်းနှင့် ယခုနှစ်တွင် ကျေးလက်တောင်သူများ ပဲစင်းငုံ အထွက်ကောင်းကြောင်း သိရသည်။

 

ဒီပါလင်း