ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
ရှေးယခင်ဘိုးဘွားဘီဘင်များ လက်ထက်က ပြုလုပ်သုံးစွဲခဲ့ကြသည့် ဝတ္ထုပစ္စည်းများသည် နောင်အနာဂတ် မျိုးဆက်သစ်များအတွက် ဆက်လက်လက်ဆင့်ကမ်းထိန်းသိမ်းရမည့် ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်ဖြစ်ပါသည်။ ၎င်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်းပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့် အထက်သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်ပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုသမိုင်းကြောင်း ခိုင်မာပြည့်စုံစွာ တည်ရှိခဲ့သည်နှင့်အတူ ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းဝတ္ထု ပစ္စည်းများကို သမိုင်းမတင်မီကာလ ကျောက်ခေတ် မှသည် သမိုင်းကြိုကာလ ကြေးခေတ်၊ သံခေတ်၊ သမိုင်းတင်ခေတ်၊ မျက်မှောက်ခေတ်တိုင်အောင် ခေတ်အဆက်ဆက် ဖန်တီးပြုလုပ်သုံးစွဲခဲ့ကြပါ သည်။ ထိုပစ္စည်းများသည် နိုင်ငံ၏ ယဉ်ကျေးမှု တန်ဖိုးနှင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို ဖော်ညွှန်းပြသနေသော ဝတ္ထုပစ္စည်းများပင်ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ်ရေအောက်တွင် လည်းကောင်း အများအပြား တွေ့ရှိနိုင်ပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများ
ရှေးဟောင်းဝတ္ထုပစ္စည်းများကို ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြု လေ့လာခြင်းများမှ တွေ့ရှိရသကဲ့သို့ ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်စဉ် မတော်တဆတွေ့ရလေ့ရှိပါသည်။ ထိုသို့ မတော်တဆတွေ့ရှိသည့်အခါ ရှေးဟောင်းဝတ္ထုပစ္စည်းဖြစ်သည်ကို မသိနားမလည်ကြသူများက တွေ့ရှိပစ္စည်းများသည် ရွှေထည်များ၊ ရွှေထည်ကဲ့သို့သော တန်ဖိုးရှိသောဝတ္ထုပစ္စည်းများဖြစ်လျှင် ချက်ချင်းထုခွဲ ရောင်းချချင်လေ့ ရှိကြပါသည်။ ထိုကဲ့သို့ မသိနားမလည်မှုကြောင့် လုပ်ဆောင်လိုက်မှုသည် ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် သက်ဆိုင်သည့် ဥပဒေကို ချိုးဖောက်ကျူးလွန်မှုဖြစ်သည်ကိုလည်း သိရှိနားလည်သူ နည်းပါးပါသည်။ ထို့ကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်း သို့မဟုတ် ရှေးဟောင်း ဝတ္ထုပစ္စည်းဟု ယူဆရသည့် မည်သည့် အရာဝတ္ထု ပစ္စည်းကိုမဆိုတွေ့ရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ သတင်းပေးပို့အကြောင်းကြားခြင်းသည် အကောင်းဆုံးသော ဆောင်ရွက်မှုပင်ဖြစ်ပါသည်။
ထပ်ဆောင်းချီးမြှင့်
သတင်းပေးပို့ အကြောင်းကြားခြင်းအားဖြင့် တွေ့ရှိသူအတွက် အကျိုးကျေးဇူးအလွန်များသည် ကိုလည်း တင်ပြလိုပါသည်။ မြန်မာနိုင်ငံရှိ ရှေးဟောင်း ဝတ္ထုပစ္စည်းများကို အဓွန့်ရှည် တည်တံ့စေရန်၊ ပျက်စီးယိုယွင်းပျောက်ဆုံးခြင်းများမှ ကာကွယ်နိုင်ရန်၊ အများပြည်သူများ ရှေးဟောင်းဝတ္ထု ပစ္စည်းများ၏ တန်ဖိုးမြင့်မားမှုကို နားလည်၍ တာဝန်သိစိတ်ဖြင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်အတွက် ၂၀၁၅ ခုနှစ်တွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းအား တွေ့ရှိသတင်းပို့သူ အတွက် ပထမဆုံးသော အကျိုးကျေးဇူးမှာ ဥပဒေအား ချိုးဖောက်ကျူးလွန်ခြင်းမရှိဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းကို ပေါ်လွင်စေပါသည်။ ဒုတိယအချက်အနေဖြင့် တွေ့ရှိ၍ သတင်းပို့အကြောင်းကြား ခဲ့သူအား နိုင်ငံတော်မှ ပြန်လည်ဂုဏ်ပြုသည့်အနေဖြင့် တွေ့ရှိသည့်ဝတ္ထုပစ္စည်း၏ ကာလပေါက်ဈေး အပြင် ခေတ်ကာလကြေး၊ ခေတ်လက်ရာကြေးများကိုပါ ထပ်ဆောင်းချီးမြှင့်သည့်အတွက်ကြောင့် မူလ တန်ဖိုးထက် သုံးဆမျှသော ဆုကြေးငွေများကို ရရှိမည်ဖြစ်ပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများ နိုင်ငံတော်ကို အပ်နှံခြင်းနှင့်ပတ်သက်၍ အများပြည်သူများ နားလည် သဘောပေါက်စေရန်နှင့် အမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းလိုသော အသိစိတ်များ ပြန့်ပွား တိုးတက်လာစေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက အသိပညာပေးခြင်း၊ အပ်နှံသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဂုဏ်ပြုချီးမြှင့်မှုများကို အများပြည်သူများသိရှိနိုင်စေရေး အသိပေးတင်ပြခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်မှုများကြောင့် ရှေးဟောင်းဝတ္ထု ပစ္စည်းများ၏ တန်ဖိုးကြီးမားမှုကိုသိရှိပြီး တာဝန်သိစိတ်ဖြင့် လာရောက်အပ်နှံကြသည့် ပြည်သူများ လည်းရှိပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို တာဝန်သိစိတ် ရှိစွာဖြင့် လာရောက်အပ်နှံပါက လာရောက်အပ်နှံသူ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ချီးမြှင့်လျက်ရှိရာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရွှေ ၃၁၄၄ ခု၊ ငွေ ၈၃၃ ခု၊ ကြေး ၇၅၃ ခု၊ အခြား ၂၇၈၀၈ ခု စုစုပေါင်း ၃၂၅၃၈ ခုအတွက် ဆုကြေးငွေ ၅၆၈၄၃၀၀၈၅ ကျပ် (ငါးထောင့် ခြောက်ရာ ရှစ်ဆယ့်လေးသိန်း သုံးသောင်း ရှစ်ဆယ့်ငါးကျပ်တိတိ)အထိ ဆုကြေးငွေများကို နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့်သက်ဆိုင်သည့် စီမံခန့်ခွဲဆောင်ရွက်နေမှုကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသည့်အချက်ကို အခွင့်ကောင်းယူ၍ ရှေးဟောင်း ပစ္စည်းများကို တရားမဝင် ဝယ်ယူစုဆောင်းလျက် ရှိကြသည်ကိုလည်း တွေ့ရှိရပါသည်။ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာတွင် ကျေးရွာလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်သော လုပ်သားများက လုပ်ငန်းဆောင်ရွက်ရာမှ မတော်တဆတွေ့ရှိရသည့် ရှေးဟောင်း ရွှေထည်ပစ္စည်းများကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမပြုဘဲ မူလလက်ရာ ပျက်စီးစေရန်အရည်ကျို၍ ထုခွဲရောင်းချခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုအဆင့်အတန်းများကို ဖော်ညွှန်းပြသနေသော အမွေအနှစ်ပစ္စည်းများဖြစ်သဖြင့် တရားမဝင်ရောင်းဝယ် ဖောက်ကားမှုများကို တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းတားဆီး၍ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများအား မတော်တဆတွေ့ရှိခဲ့လျှင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လာရောက်အပ်နှံ ပါက လွှဲပြောင်းအပ်နှံသူကို အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်၍ အပ်နှံသည့်ဝတ္ထုပစ္စည်း၏ မူလ တန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုး အပြင် ရှားပါး၍အနုလက်ရာပြောင်မြောက်သည့် ဝတ္ထုပစ္စည်းများဖြစ်ပါက ထပ်ဆောင်းတန်ဖိုးကိုပါ ထပ်တိုးတွက်ချက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်လျက်ရှိပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို ၎င်းပစ္စည်း၏ ခေတ်ကာလအပေါ်မူတည်၍ ဆုကြေးအမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းအထိ ချီးမြှင့်လျက်ရှိသကဲ့သို့ လက်ရာပြောင်မြောက်ကောင်းမွန်လျှင် လက်ရာ ကြေး အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းအထိ ထပ်မံချီးမြှင့် ပေးလျက်ရှိပါသည်။ အပ်နှံသည့် ရွှေ၊ ငွေ ပစ္စည်းများကို လာရောက်အပ်နှံသည့်အချိန်ကာလတွင်ရှိသည့် ပေါက်ဈေးနှုန်းအတိုင်း ဆုကြေးတွက်ချက်ခြင်းဖြစ်ရာ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံသူသည် နေ့စဉ်ပေါက်ဈေးကာလတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုး အပါအဝင် အများဆုံးသုံးဆအထိ ချီးမြှင့်ငွေရရှိမည် ဖြစ်ပါသည်။ လာရောက်အပ်နှံသည့်နေ့မှစတင်၍ ရက်သတ္တပတ်နှစ်ပတ်မှ အများဆုံးလေးပတ်အတွင်း ဆုကြေးငွေ ချီးမြှင့်ပေးလျက်ရှိပါသည်။
သာဓကအနေဖြင့် ၂၀၀၅ ခုနှစ်က မိုင်းမောပျူ မြို့ဟောင်းမှ ရွှေဖြင့်ပြုလုပ်ထားသည့် ပျူခေတ်ဘုရား ဆင်းတုနှင့် စေတီငယ်များကို နွားကျောင်းသားတစ်ဦးက အမှတ်မထင်ရရှိခဲ့ပြီး ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခဲ့သည့်အတွက် ၎င်းအား နေ့စဉ်ပေါက်ဈေးဖြင့် တွက်ချက် သော ပစ္စည်း၏မူလတန်ဖိုးအပြင် လက်ရာကြေးနှင့် ခေတ်ကာလကြေးပါ ထည့်သွင်းတွက်ချက်၍ သိန်း ၁၅၀ ကျော် ဆုချီးမြှင့်ပေးအပ်ခဲ့သည့် သာဓကလည်းရှိခဲ့ပါသည်။ ၎င်းအပြင် ၂၀၁၈ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောက်ဖြူကျေးရွာ အနောက်ဘက် ပေ ၁၀၀၀ ခန့် အကွာရှိ ချောင်းကမ်းပါးပြိုကျရာမှတွေ့ရှိသော ပျူခေတ်လက်ရာအနုပညာ ပြောင်မြောက်သော ရွှေအရည်အသွေး ၂၂ ကာရက်၊ အလေးချိန် ၁၇၉ ဒသမ ၅ ဂရမ်ရှိသည့် ရွှေပုတီးစေ့ ၁၃ စေ့နှင့် ရွှေကနုတ်ပုံ လက်ရာပါရှိသည့် ဆွဲပြားတစ်ခု စုစုပေါင်းရွှေထည်ပစ္စည်း ၁၄ ခုနှင့် ရတနာပုံခေတ်လက်ရာ ကြေးအလေးနှစ်ခုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသို့ တာဝန်သိစွာအပ်နှံခဲ့ခြင်းအတွက် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုး၊ ထပ်ဆောင်းတန်ဖိုးအပါအဝင် ဆုကြေးငွေ ၃၄၉၃၆၈၆၁ ကျပ် (သုံးရာလေးဆယ့်ကိုးသိန်း သုံးသောင်းခြောက်ထောင် ရှစ်ရာခြောက်ဆယ့်တစ် ကျပ်တိတိ) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ထို့ကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းတစ်စုံတစ်ရာကြောင့် မတော်တဆ တွေ့ရှိခဲ့ပါက သတင်းပို့ အကြောင်းကြား၍ နိုင်ငံတော်သို့ အပ်နှံခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည် ဖြစ်ပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေအား မသိနားမလည်၍ဖြစ်စေ၊ သိရှိနားလည်၍ ဖြစ်စေ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့သယ်ယူခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို တူးဖော်ရှာဖွေခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် တွေ့ရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အပ်နှံခြင်းမပြုဘဲ အရည်ကျိုခြင်း၊ ထုနှက်ပုံဖျက်ခြင်း စသည့် မူလပုံစံပျက်ယွင်းစေခြင်းများ ပြုလုပ်ပါက ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မ ၁၇၊ ပုဒ်မ ၁၈ အရ ထောင်ဒဏ် နှင့် ငွေဒဏ်များ ချမှတ်ခံရမည်ဖြစ်ပြီး ပစ္စည်းများကို ပါ နိုင်ငံတော်က သိမ်းဆည်းမည်ဖြစ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ လာရောက်အပ်နှံသော ရှေးဟောင်းဝတ္ထုပစ္စည်းများအနက် ခေတ်ကာလအသီးသီးနှင့် သက်ဆိုင်သော ပစ္စည်းများကို အများပြည်သူများ လေ့လာနိုင်ရန်အတွက် အမျိုးသားပြတိုက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရှေးဟောင်း သုတေသနနှင့် ယဉ်ကျေးမှုပြတိုက်များတွင် ပြသထားရှိပါသည်။ သို့ပါ၍ အများပြည်သူတို့က ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ တန်ဖိုးကြီးမားမှုကို နားလည်သိရှိပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေနှစ်များကို တန်ဖိုးထား ကာကွယ်ထိန်းသိမ်းပေးရန်လိုအပ်ပါသည်။ အကြောင်း တစ်စုံတစ်ရာကြောင့် မတော်တဆတွေ့ရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အရည်ကျိုခြင်း၊ ထုနှက်ပုံဖျက်ခြင်း၊ မူလလက်ရာပုံစံဖျက်ဆီးခြင်းများ မပြုလုပ်ရန်နှင့် တရားမဝင်ရောင်းဝယ်ခြင်းများ မပြုလုပ်ပါရန် လိုအပ်ကြောင်း၊ တာဝန်သိသိဖြင့် နိုင်ငံတော်သို့အပ်နှံပါက ကာလပေါက်ဈေးထက် ပိုမိုများပြားသောဆုကြေးငွေများ ချီးမြှင့်ရရှိခြင်းနှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာပါ ချီးမြှင့်ပေးလျက် ရှိပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများအား မတော်တဆတွေ့ရှိခဲ့ပါက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ နိုင်ငံတော်သို့ အပ်နှံခြင်းဖြင့် မိမိတို့၏အမွေအနှစ်များ မပျောက်ပျက်အောင် ဆောင်ရွက်ရာလည်းရောက်သကဲ့သို့ မိမိနှင့် မိမိအသိုင်းအဝိုင်းတွင်ပါ ဂုဏ်သိက္ခာရှိသူများ ဖြစ်လာ ကြပါမည်။ မိမိတိုင်းပြည်၏ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကို အခြားသော တရားမဝင်နေရာများနှင့် မသမာသူများလက်မှ တစ်ဆင့် နိုင်ငံပြင်ပသို့ ရောက်ရှိမသွားရလေအောင် ပြည်သူများကလည်း ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်ကြစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။






