ပြည်ပနိုင်ငံများမှ GaqP စနစ်ဖြင့် မွေးမြူသော မြန်မာ့ရေထွက်ပစ္စည်းများသာ တင်ပို့ရန်တောင်းဆိုလာ 

ရန်ကုန် ၁၄ မတ်

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းများကို တင်ပို့ရာတွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) စနစ်ဖြင့် မွေးမြူထားသည့် မွေးမြူရေးများကိုသာ တင်ပို့ရန်အတွက် တောင်းဆိုလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

အဆိုပါ GAqP စနစ်ကို ပြည်တွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ကျင့်သုံးမွေးမြူ ထုတ်လုပ်နိုင်ပါက ပြည်ပဈေးကွက် ဝယ်လိုအား တိုးတက်လာနိုင်သည့်အပြင် ပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း သိရသည်။ 

"မွေးမြူထားတဲ့ ငါးက GAqP စနစ်နဲ့ မဟုတ်ဘဲ ဖြစ်သလိုပေါ့။ ရေသွင်းတာရော ရေထုတ်တာရော တစ်နေရာထဲမှာ အသုံးပြုမယ်ဆိုရင် ဒီရေက သန့်ရှင်းမရှိဘူး။ သန့်ရှင်းမှုမရှိဘူးဆိုရင် ငါးတွေမှာ ရောဂါရှိလာနိုင်တယ်။ အဲ့လိုရောဂါရှိတဲ့ ငါးကို ဘယ်သူကဝယ်မှာလဲ။ ကျွန်တော်တို့လည်း ရောဂါကင်းတာပဲ လိုချင်တာပဲ။ အဲ့လိုပဲ Customer တွေကလည်း သူတို့နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ရောဂါကင်းတဲ့ ငါးကိုပဲ လိုချင်တဲ့အတွက် GAqP လက်မှတ်ရှိတဲ့ ကန်က ငါးတွေပဲ တင်ပို့ဖို့ နောက်ဆုံးပိတ် တောင်းဆိုလာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ ဒါကတော့ Customer အားလုံးပါပဲ။" ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။

လက်ရှိတွင် ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့လျက်ရှိသော လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ငါးကန်အချို့တွင် GAqP စနစ် ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနသည် GIZ နှင့် ပူးပေါင်း၍ GAqP စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

"နိုင်ငံတကာက Customer တွေက တောင်းနေပြီ။ အခု ဆော်ဒီက လာမယ်ဆိုရင် ကျွန်တော်တို့ ပြရမယ့် ကန်တွေက GAqP ရပြီးသား ကန်တွေကို ပြရမယ်။ ဒါက ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အတိုင်းအတာပါ။ သူတို့ကလည်း မေးမှာပဲ၊ ဒီကန်တွေက GAqP Certificate ရှိသလား။ ဒါကိုပြန်ဖြေဖို့ ကျွန်တော်တို့ ကြိုးစားနေရတယ်။" ဟု ဦးလှဌေးက ပြောသည်။ 

မွေးမြူ ရေးလုပ်ငန်းရှင်များအနေဖြင့် GAqP အစစ်ဆေးခံချင်ပါက ငါးလုပ်ငန်းဦးစီးဌာနမှ ပထမဦးဆုံး GAqP သင်တန်းပေးမည်ဖြစ်ပြီး ယင်း GAqP လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ထားသော မွေးမြူရေးကန်များသို့ ကွင်းစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီပါက GAqP Certif icate ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

"အခုနောက်ပိုင်း နိုင်ငံတော်တော်များများက export နဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ များလာတယ်။ လက်ရှိမှာ ဆော်ဒီဆိုရင်လည်း food safety နဲ့ ပတ်သက်ပြီး ပိတ်ထားတယ်။ ဆော်ဒီနိုင်ငံ SFDA အဖွဲ့က မြန်မာ့ရေထွက် ပစ္စည်းတင်ပို့မှုကို ပြီးခဲ့တဲ့နှစ် ဧပြီလထဲကနေပြီး ဒီကနေ့ အချိန်ထိ ပိတ်ထားတာပါ။ မွေးမြူ ရေးကန်တွေမှာ GAqP စနစ် အကောင်အထည် ဖော်ထားတာရှိမရှိကို စစ်ဆေးခံ ပြီးတော့မှ ပြန်လည်တင်ပို့ခွင့် ရှိမှာဖြစ်တယ်။ အီးယူကို သွားမယ်ဆိုရင်လည်း GAqP စနစ် ကျင့်သုံးတဲ့ မွေးကန်တွေက ငါးတွေပဲ သွားလို့ရမှာ။ ဒါကြောင့် GAqP စနစ်က ပြည်တွင်း ငါးမွေးကန်အားလုံးမှာ ကျင့်သုံးနိုင်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှလည်း မြန်မာ့ရေထွက်ကုန်ကို လွယ်လွယ်ကူကူ အစစ်ဆေးခံနိုင်ပြီးတော့ တင်ပို့နိုင်မှာဖြစ်တယ်။" ဟု ရေထွက်ကုန်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင် ဦးခင်ဇော်က ပြောသည်။ 

ထို့အပြင် ပြည်ပသို့ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင်လည်း လက်ရှိတွင် ငါးမြစ်ချင်းငါး တစ်မျိုးတည်းကိုသာ အဓိက တင်ပို့နေရခြင်းဖြစ်ပြီး လက်ရှိတစ်နှစ်အတွင်း ငါးမြစ်ချင်း ဈေးကွက်ပျေက်ဆုံးနေခြင်းကြောင့် ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့နိုင်ငံများက စားသုံးမှုများပြားသော ငါးအမျိုးအစားများကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အေးယမုံ