(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

 

နေပြည်တော် အောက်တိုဘာ ၁၃

 

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

 

တက်ရောက်

အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင် အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုအဖွဲ့များ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအက အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်စေရေး အတွက် မိမိတို့၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မေတ္တာစေတနာ အပြည့်အဝဖြင့် ပါဝင်ကူညီပံ့ပိုး ပေးခဲ့ကြသည့် ဝါရင့်သမ္ဘာရင့် အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်ထောက်ပံ့ပေးသူများကို ဂုဏ်ပြုသည့် အခမ်းအနားပင်ဖြစ်ကြောင်း။

 

အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးဆိုသည့် အလွန်တရာ မွန်မြတ်သော အမျိုးသားရေး ရည်မှန်းချက်ပြည့်မြောက် အောင်မြင်စေရေးအတွက် အထင်ကရအခန်းကဏ္ဍက ပါဝင်စွမ်းဆောင် ပေးလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲကြီး အောင်မြင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်စွမ်းဆောင် ပေးခဲ့ကြသည့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများနှင့် အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများ အားလုံးလည်း နိုင်ငံတော်အစိုးရနှင့်ထပ်တူ ကျေနပ်ဝမ်းမြောက် ဂုဏ်ယူနေကြလိမ့်မည်ဟု ခံစားမိကြောင်း။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများ ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပြီး အသွင် သဏ္ဌာန်ရော အနှစ်သာရပါ နက်နက်ရှိုင်းရှိုင်းဖြင့် အမျိုးသားရေး အဓိပ္ပာယ်ပြည့်ပြည့်ဝဝဖြင့် ကျင်းပပေးလျက်ရှိကြောင်း၊ ယခုပြိုင်ပွဲကြီးများ၏ မြင့်မားသည့် ရည်ရွယ်ချက်များ တစ်စထက်တစ်စ ပိုမိုအကောင် အထည်ပေါ်လာအောင် ပညာရှင်ကြီးများအားလုံးက တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်များနှင့် အားကြိုးမာန်တက် ကူညီပံ့ပိုးဆောင်ရွက်ပေးကြသည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းကိုလည်း အလေးအနက်ထား ပြောကြားလိုကြောင်း။

 

ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကြီးပွားရေးအတွက် မိမိတို့၏ကိုယ်ပိုင်စွမ်းအားကို အခြေခံသည့် မှန်ကန်သော အားထုတ်ကြိုးပမ်းမှုများကို စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် မြန်မာလူမျိုးတို့၏ သမိုင်းအစဉ်အလာကောင်းများနှင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရင်း စည်းလုံးညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

 

ယနေ့ မျက်မှောက်ကာလတွင် ပွင့်လင်းလွတ်လပ်မှုနှင့် တိုးတက်လာသည့် မီဒီယာများကို အသုံးပြု ပြီး ယဉ်ကျေးမှုဆိုင်ရာ ထိုးဖောက်မှုအမျိုးမျိုးသည် နယ်ပယ်အသီးသီးတွင် ထွေးရောယှက်တင် ဝင်ရောက်လာနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံအသီးသီးသည် မိမိတို့ ၏ ရိုးရာအစဉ်အလာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို တန်ဖိုးထားထိန်းသိမ်းပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ကြိုးစားနေကြကြောင်း၊ အမျိုးသားယဉ်ကျေးမှု ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ အသက်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် မျိုးဆက်သစ် လူငယ်များ အပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု ကိုယ်ခံစွမ်းအားများ မြင့်မားရှင်သန်နေစေရအောင် အနုပညာစွမ်းအားဖြင့် စေ့ဆော်မြှင့်တင်ပေးရန် တိုက်တွန်း မှာကြားလိုကြောင်း။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ဘိုးဘွားအဆက်ဆက် အနုပညာရှင် မျိုးဆက် အဆင့်ဆင့်တို့က ယဉ်ကျေးမှု အမွေအနှစ်အဖြစ် လက်ဆင့်ကမ်း သယ်ဆောင်ပွားများလာခဲ့ကြသည့် အတွက် ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေ ခြင်းပင်ဖြစ်ကြောင်း၊ နှစ်ပေါင်းထောင်ချီသည့် မြန်မာ့သမိုင်းစဉ် တစ်လျှောက်တွင် စဉ်ဆက်မပြတ် ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင် ကြီးများက ထိန်းသိမ်းဆင့်ပွား အမွေပေးခဲ့သည့် ကျေးဇူးတရားကြောင့် ယနေ့မိမိတို့တစ်တွေသည် အဖိုးအနဂ္ဃ ထိုက်တန်လှသည့် မြန်မာ့ယဉ်ကျေးမှုအနုပညာ ဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင် ထိန်းသိမ်းထားကြသူများ အဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း။

 

ထို့ကြောင့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများကလည်း ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းခဲ့သည့် ဘိုးဘွား ဆရာသခင် အနုပညာရှင်ကြီးများ၏ အစဉ်အလာကောင်းများနှင့်အညီ အမွေဆက်ခံ ထိန်းသိမ်းထားသည့် အနုပညာဘဏ္ဍာတိုက်ကြီး ပိုမိုခိုင်ခံ့ဝင့်ကြွား တန်ဖိုးကြီးမားလာစေရအောင် ပြုစုပျိုးထောင်ပေးရင်း နောင်လာနောက်သား မျိုးဆက်သစ် အနုပညာရှင်များအတွက် အနုပညာ အမွေပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း။

 

မေတ္တာပို့သဆန္ဒပြုပြောကြား

မိမိတို့ အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များ ဆတက်ထမ်းပိုး တိုးတက်ရှင်သန်ထွန်းကား ပြန့်ပွားစေရအောင် ဆက်လက်ထိန်းသိမ်း မြှင့်တင်ပေးနိုင်ကြပါစေ၊ မိမိတို့၏ ပြည့်စုံကြွယ်ဝလှသည့် အတွေ့အကြုံများ၊ တန်ဖိုးမဖြတ်နိုင်သည့် အနုပညာစွမ်းအားများကို မျိုးဆက်သစ်လူငယ်များအား ပညာဖြန့်ဝေပေးနိုင်ကြပါစေ၊ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာ၊ ကျန်းမာချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ကြသည်အထိ နိုင်ငံနဲ့ လူမျိုးအကျိုးကို အနုပညာ စွမ်းပကားဖြင့် သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ၊ နောင်လာမည့် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးပေါင်း များစွာတိုင်သည်အထိ မိမိတို့၏ အနုပညာစွမ်းအားဖြင့် ဆက်လက် ကူညီပံ့ပိုးနိုင်ကြပါစေဟု မေတ္တာ ပို့သဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အဆိုအကဲဖြတ်လုပ်ငန်း အဖွဲ့ကိုယ်စားဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ် လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား အတွင်းရေးမှူး ဦးမင်းထက်သာနှင့် အတီး အကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးစောဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများကိုယ်စား မကွေးတိုင်းဒေသကြီးမှ အုပ်ချုပ်သူတစ်ဦး၊ အခမ်းအနားမှူးများကိုယ်စား အခမ်းအနားမှူး တစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

 

mdn

 

ထို့နောက် အကဲဖြတ်ပညာရှင်များကိုယ်စား အဆိုအကဲဖြတ် ပညာရှင်ဦးတင်ဦးလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌသည် အခမ်းအနား တက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

 

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင်ဆုရရှိကြသူများ၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြ ဖျော်ဖြေကြသည်။

 

ထို့နောက် အထူးအစီအစဉ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သဘင်ပညာရှင်ကြီး များဖြစ်ကြသည့် အနုပညာဦးစီး ဌာနမှ အသက် ၇၄ နှစ်ရှိ အငြိမ်းစား ဦးစီးအရာရှိ ဆရာကြီး ပန်တျာ ဦးမြင့်သိန်းနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) မှ အငြိမ်းစား ဂုဏ်ထူးဆောင် ပါမောက္ခကြီး အသက် ၇၆ နှစ်ရှိ ဒေါက်တာ နုနုခင်တို့နှင့်အတူ လက်ဆင့်ကမ်း အမွေကို ဆက်ခံကြမည့် မျိုးဆက်သစ်လူငယ်လေးများဖြစ်ကြသည့် မွန်ပြည်နယ်မှ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အကပြိုင်ပွဲ ပထမဆုရ မောင်စောအောင်ဟိန်းထွေး (ခေါ်) အဲအဲနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အကပြိုင်ပွဲမှ ပထမဆုရ နန်းကဋေစံဦးတို့က “သစ္စာထားနှစ်ပါးသွား” အကဖြင့် ဂုဏ်ပြုလက်ဆင့်ကမ်း ဖျော်ဖြေ တင်ဆက်ကြသည်။

 

ယင်းနောက် ဂုဏ်ပြုဖျော်ဖြေခဲ့ ကြသည့် အငြိမ်းစားဦးစီးအရာရှိ ဆရာကြီး ပန်တျာဦးမြင့်သိန်းနှင့် အငြိမ်းစားပါမောက္ခကြီး ဒေါက်တာ နုနုခင်တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်း နှီးနှီး မေးမြန်းနှုတ်ဆက်စကား ပြောကြားသည်။

 

ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင် ဥက္ကဋ္ဌက အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်