ဒေါက်တာခိုင်ခိုင်ဝင်း

ကမ္ဘာတစ်ဝန်း၌ နိုင်ငံတကာကုန်သွယ်မှုမူဝါဒသည် အရေးပါလာပြီး နိုင်ငံများသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းထားရှိ ဆောင်ရွက်နေကြချိန်တွင် လူသားတို့၏ မွေးရာပါလူ့အခွင့်အရေးနှင့် တစ်ဦးတစ်ယောက် (သို့) လူအများ၏ တီထွင်ဆန်းသစ်ဖန်တီးမှုအတွက် ဥပ‌ဒေဖြင့် အကာအကွယ်ပေးထားသည့် မူပိုင်ခွင့်ဆိုသည့် မူပိုင်ခွင့် အခွင့်အရေးတို့အကြားဆက်နွှယ်မှုကို လေ့လာဆန်းစစ်ကြည့်ခဲ့ပါသည်။

မူပိုင်ခွင့်အခွင့်အရေးနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေ

လူ့အခွင့်အရေးဆိုသည်မှာ လူတိုင်းတွင် လွတ်လပ်စွာဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေမည့် အခြေခံအခွင့်အရေးများဖြစ်ပါသည်။ လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး ပြည်သူ့ရေးရာအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး၊ စီးပွားရေးအခွင့်အရေး၊ လူမှုရေးအခွင့်အ‌ရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဟူ၍ လူ့အခွင့်အရေး အမျိုးအစားငါးမျိုးရှိရာ အဆိုပါ အခွင့်အရေးများထဲမှ လူမှုရေးအခွင့်အရေး(Social Rights) တွင် လူတိုင်းပညာသင်ယူခွင့်၊ သိပ္ပံပညာတိုးတက်ခွင့်နှင့် အကျိုးရလဒ်ကို လွတ်လပ်စွာမျှဝေခံစားခွင့်လည်း ပါဝင်သည်ဖြစ်ရာ မူပိုင်ခွင့်အခွင့်အရေးနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသည့် အခွင့်အရေးဖြစ်ပါသည်။

အလားတူ ယဉ်ကျေးမှုအခွင့်အရေး (Cultural Rights) တွင် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုတွင် လွတ်လပ်စွာပါဝင် ဆောင်ရွက်ခွင့်၊ အနုပညာကို လွတ်လပ်စွာခံစားခွင့်၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်ဖန်တီးသော ဂုဏ်နှင့်ရုပ်ဝတ္ထု အကျိုးကျေးဇူးကို ကာကွယ်မှုရပိုင်ခွင့်တို့ ပါဝင်သည်ဖြစ်ရာ အဆိုပါအခွင့်အရေးသည်လည်း မူပိုင်ခွင့်အခွင့်အရေးနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသည့် အခွင့်အရေးဖြစ်ပါသည်။

၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂက အတည်ပြုထုတ်ပြန်ခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အပိုဒ် (၃၀) ပါရှိပြီး အပိုဒ် ၂၇ တွင် “လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဘဝ၌ လွတ်လပ်စွာပါဝင် ဆောင်ရွက်ခွင့်၊ အနုပညာကို လွတ်လပ်စွာ ခံစားခွင့်နှင့် သိပ္ပံပညာတိုးတက်မှုနှင့် ၎င်း၏အကျိုးရလဒ်များကို လွတ်လပ်စွာ မျှဝေခံစားခွင့်ရှိသည်” ဟု ဖော်ပြထားသည်ဖြစ်ရာ အဆိုပါအပိုဒ်ပြဋ္ဌာန်းချက် အခွင့်အရေးနှင့် မူပိုင်ခွင့်အခွင့်အ‌ရေးဆိုသည့် အခွင့်အရေးတို့ ကွဲလွဲနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

၁၉၆၆ ခုနှစ်တွင် ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (“International Covenant on Economic, Social and Cultural Rights”, ICESCR) သည် လူသားများအတွက် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို အထူးပြုပြဋ္ဌာန်းပေးထားသည့် စာချုပ် ကြီးဖြစ်ပါသည်။ အဆိုပါစာချုပ်တွင် အပိုဒ်ပေါင်း ၃၁ ပိုဒ် ပါရှိပြီး အပိုဒ် ၁၅ တွင် အောက်ပါအတိုင်း‌ဖော်ပြပါရှိသည်-

ဤစာချုပ်ဝင် နိုင်ငံများသည် အောက်ပါတို့ကို လူတိုင်း၏အခွင့်အရေးအဖြစ် အသိအမှတ်ပြုရမည်- (က) ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်ခွင့်၊ (ခ) သိပ္ပံပညာတိုးတက်မှုနှင့် အသုံးချမှုများ၏ အကျိုးရလဒ်များကို ခံစားခွင့်၊ (ဂ) မူလဖန်တီးသူ၏ သိပ္ပံပညာ၊ စာပေ သို့မဟုတ် အနုပညာဆိုင်ရာ ထုတ်လုပ်မှုမှ ဖြစ်ထွန်းလာသည့် ဂုဏ်သိက္ခာနှင့် ရုပ်ဝတ္ထုဆိုင်ရာအကျိုးကျေးဇူးများကို ကာကွယ်မှုရပိုင်ခွင့်တို့ ဖြစ်ပါသည်။ အဆိုပါ အပိုဒ် ၁၅ တွင် ဖော်ပြထားချက်များသည် မူပိုင်ခွင့် အခွင့်အရေးနှင့် တိုက်ရိုက်ပတ်သက်ဆက်နွှယ်မှုရှိပြီး အပိုဒ် ၁၅ (ခ) တွင် သိပ္ပံပညာတိုးတက်မှုနှင့် အသုံးချမှုများ၏ အကျိုးရလဒ်များ၏ ခံစားခွင့်ကို လူသား အားလုံးခံစားခွင့်ရရှိရမည်ဟု ဖော်ပြထားသလို အပိုဒ် ၁၅ (ဂ) ပါ ဖော်ပြချက်အရ တီထွင်ဆန်းသစ် ဖန်တီးမှုများကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ကာကွယ်မှုရပိုင်ခွင့်ဆိုသည့် အခွင့်အရေး တစ်နည်းဆိုရသော် မူပိုင်ခွင့်အခွင့်အရေး နှင့်စပ်လျဉ်းပြီး ၁၉၆၆ ခုနှစ်က ပြဋ္ဌာန်းအတည်ပြုခဲ့သည့် စာချုပ်ကြီးတွင် ပါဝင် အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။

သို့ရာတွင်၂၀၀၆ ခုနှစ်က ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးကောင်စီက အဆိုပါ “ပုဒ်မ ၁၅ တွင် အသိအမှတ် ပြုထားသော လူ့အခွင့်အရေးနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်တို့ ညီမျှခြင်းမရှိပါဟူ၍” ရှင်းလင်းပြောကြားခဲ့ပြီး ဉာဏဖန်တီးမှုများမှ အကျိုးခံစားခွင့်ကို လူ့အခွင့် အရေးအဖြစ် အသိအမှတ်ပြုထားသော်လည်း အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးပုံစံအားလုံးနှင့် အလိုအလျောက် ညီမျှမည်မဟုတ်ဟု ရှင်းလင်းပြောကြားခဲ့သည်ဟု လေ့လာသိရှိရပါသည်။

WIPO ကို စတင်ဖွဲ့စည်း

၁၉၆၆ ခုနှစ်တွင် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် ပြဋ္ဌာန်းခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင် World Intellectual Property Rights Organization, WIPO ကို စတင်ဖွဲ့စည်းခဲ့ခြင်းသည်လည်း ဆက်စပ်မှုတစ်ခု ဟုဆိုနိုင်ပါသည်။ အဆိုပါ WIPO အဖွဲ့ အစည်းကြီးကို ကမ္ဘာကြီးပေါ်ရှိ ဉာဏပိုင်ဆိုင်ခွင့် အခွင့်အရေးများ မြှင့်တင် ရန်နှင့် ကာကွယ်စောင့်ရှောက်ရေးကို နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြှင့်တင်ရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

WIPO အဖွဲ့အစည်း ပေါ်ပေါက်လာရသည့် အခြေခံအကြောင်းရင်းများတွင် ၁၈၈၃ ခုနှစ် ပဲရစ်သဘောတူညီချက် ဖြစ်သည့် စက်မှုပစ္စည်းကာကွယ် စောင့်ရှောက်ရေး သဘောတူညီချက် ( Paris Convention for the Protection of the Industrial Property) နှင့် ၁၈၈၆ ခုနှစ် စာပေနှင့် အနုပညာလုပ်ငန်းများ ကာကွယ်စောင့်ရှောက်ရေး ဘာနီသဘောတူညီချက် (Berne Convention for the Protection of Literary and Artistic Works တို့ပါဝင်သည်ကို လေ့လာသိရှိရပါ သည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် WIPO အဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး နိုင်ငံတိုင်းတွင် ကိုယ်ပိုင်မူပိုင်ခွင့်ဥပဒေများရှိကြပါသည်။ နိုင်ငံတကာကလိုက်နာ ကျင့်သုံးကြရမည့် နိုင်ငံတကာမူပိုင်ခွင့် သဘောတူစာချုပ်များလည်း အများအပြား ရှိနေသည်ကို လေ့လာသိရှိရပါ သည်။ သို့ရာတွင် ဉာဏမူပိုင်ခွင့် အခွင့်အရေး ( Intellectual Property Right, IPR) ၏ အခွင့်အရေးအဓိပ္ပာယ်သည်လည်း လူ့အခွင့်အရေးအဓိပ္ပာယ် ဖွင့်ဆိုချက်ကဲ့သို့ပင် ကမ္ဘာ့နိုင်ငံအားလုံးက တညီတညွတ်တည်း လက်ခံထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိမနေသည်ကို လေ့လာသိရှိရပါသည်။

မူပိုင်ခွင့်ဥပဒေများပြဋ္ဌာန်း

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်ချိန်ညှိပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် မူပိုင်ခွင့်အကာအကွယ်ပေးရေးတွင် ထိရောက်စွာပူးပေါင်းပါဝင် နိုင်ရေးနှင့် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းများအတွက် တီထွင်ဆန်းသစ်မှုများနှင့် စပ်လျဉ်းပြီး မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းခဲ့ရာတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့် ဥပဒေတို့ ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ အဆိုပါဥပဒေများသည် အာဏာတည်ပြီး ဥပဒေများဖြစ်သလို ယင်းတို့အနက်မှ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာတို့အတွက် နည်းဥပဒေများ ထွက်ရှိထားပြီးဖြစ်ပါသည်။

ဝိဝါဒကွဲပြားမှုဖြစ်နေ

လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ နှင့်စပ်လျဉ်းပြီး မကြာခဏဝိဝါဒကွဲပြား အငြင်းပွားဖွယ်ရာများ ရှိနေဆဲဖြစ်သည့်အတွက် ဆွေးနွေးမှုများလည်းရှိနေဆဲ ဖြစ်ပါသည်။ အမှန်စင်စစ်အားဖြင့် လူ့အခွင့်အရေးနှင့် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းခြင်းများသည် ပင်ကိုကပင် ရှုပ်ထွေးမှုရှိနေပြီး ဥပ‌ဒေတစ်ခု ပြဋ္ဌာန်းပြီးတိုင်း အခြေခံလူ့အခွင့်အရေးတစ်ခု မဟုတ်တစ်ခု ဖောက်ဖျက်မှုများပါရှိနေကြောင်း လူ့အခွင့်အရေးသမားများက ဆိုကြပါသည်။ ဥပမာအားဖြင့် လူသားတို့၏ အသက်ရှင်သန်ခွင့်အတွက် ဆေးပစ္စည်းများရရှိရေး ဆောင်ရွက်မှုများ တွင် အဟန့်အတားဖြစ်စေသည့် ဆေးနှင့် ဆေးပညာဆိုင်ရာများအတွက် မူပိုင် ခွင့်၊ အစားအသောက်ထုတ်ကုန်များ၏ မူပိုင်ခွင့်များ၊ ကွန်ပျူတာဆော့ဖ်ဝဲနှင့် ပညာ‌ရေးနှင့်ဆက်စပ်ပစ္စည်း၊ ဓလေ့ထုံးတမ်း အသိပညာများနှင့် ဌာနေတိုင်းရင်းသားတို့၏ ပစ္စည်းများအတွက် မူပိုင်ခွင့်များထားရှိ အကာအကွယ်ပေးမှုများသည် လူသားများအတွက် လူ့အခွင့်အရေးများ ခံစားရရှိမှုအပေါ် သက်ရောက်မှုများရှိနေသည့် အငြင်းပွားဖွယ် ဝိဝါဒကွဲပြားမှုဖြစ်နေသည်ဟု ဆိုထားပါသည်။

ဥပမာဆိုရသော် လူသားတိုင်းအတွက် အစားအစာရရှိမှုအခွင့်အရေး (Right to Food) သည် အရေးကြီးသည့် အခြေခံလူ့အခွင့်အရေး ဖြစ်ပါသည်။ မူပိုင်ခွင့်အခွင့်အရေးများသည် ဆန်းသစ် တီထွင်မှုကို တွန်းအားပေးနိုင်သော်လည်း ၎င်းတို့သည် အစားအစာရရှိပိုင်ခွင့်နှင့် အခြားသော ဝိဝါဒကွဲပြားအခြေအနေများကို ဖန်တီးနိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူသားများအတွက် အစားအစာ ရရှိရေး ဆောင်ရွက်ရာတွင် မျိုးဗီဇပြုပြင်ထားသော မျိုးစေ့များကို တင်းကျပ်စွာ ဥပ‌‌ဒေဖြင့် မူပိုင်ခွင့်များပြဋ္ဌာန်းကာ ကာကွယ်ထားခြင်းဖြင့် အဟန့်အတား ဖြစ်စေသလို ဇီဝကူးစက်မှုနည်းပညာများကြောင့် အစားအစာရရှိရေးကို ထိခိုက်စေပါသည်။

မျိုးဗီဇပြုပြင်ထားသော မျိုးစေ့များ တီထွင်သည့် သက်ရှိများအတွက် မူပိုင်ခွင့်များ ပြဋ္ဌာန်းခြင်းသည် ဆင်းရဲသော နိုင်ငံရှိ ကျေးလက်နေပြည်သူများအတွက် မျိုးစေ့စျေးနှုန်းများ မြင့်မားနေစေပြီး မိုးခေါင်သည့်ကာလတွင်ထုတ်လုပ်မှုကို ဖြည့်စွက်နိုင်သည့် သီးနှံမျိုးကွဲများ လက်လှမ်းမီရရှိမှုကိုလည်း တားဆီးထားသည်ဖြစ်ရာ စိုက်ပျိုးရေးကို မှီခိုအားထားနေရသည့် လူတန်းစားတစ်ရပ်လုံးအား ဖယ်ရှားနေသည့်သဘော သက်ရောက်နေပါသည်။

အခြားတစ်ဖက်တွင်မူ ဇီဝကူးစက်မှုအတွက် နိုင်ငံစုံကော်ပိုရေးရှင်းများက စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ဌာနေ တိုင်းရင်းသားများ၏ ထုတ်ကုန်များကို ဉာဏပစ္စည်း မူပိုင်ခွင့်ကာကွယ်မှုမှ တစ်ဆင့် အမြတ်ထုတ်ခြင်းများ ရှိနိုင်ပါသည်။ သို့ဖြစ်ရာ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က စိုက်ပျိုးရေး ထွက်ကုန်များတွင် ဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်ပေးရေး အသုံးချမှုသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားနပ်ရိက္ခာရပိုင်ခွင့်ကို သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။

ကျန်းမာရေးအခွင့်အရေး ရရှိခံစားရာတွင် အတားအဆီးအဖြစ် တည်ရှိ‌နေနိုင်

လူသားတိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုရပိုင်ခွင့် အခွင့်အရေး (Right to Health) သည် အရေးကြီးသည့် အခြေခံလူ့အခွင့်အရေး ဖြစ်ပါသည်။ လူသားတိုင်းသည် အသက်ရှင်သန်ခွင့်အတွက် ကျန်းမာရေးစောင့်ရှောက်ခွင့် ရရှိရမည့်အပြင် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများကိုလည်း လက်လှမ်းမီ ရရှိခွင့်ရှိရမည်ဖြစ်ပါသည်။ မူပိုင်ခွင့်များကဲ့သို့သော အခွင့်အရေးများသည် တီထွင်သူများအား ၎င်းတို့၏ဖန်တီးမှုများကို အချိန်အကန့်အသတ်အတွင်း သီးသန့်အခွင့်အရေးများပေးခြင်းဖြင့် ဆန်းသစ်တီထွင်မှုကို လှုံ့ဆော်အားပေးရန် ရည်ရွယ်ထားသည်ဆိုသော်ငြား လူသားများ၏ အခြေခံအခွင့်အရေးကဲ့သို့သော ကျန်းမာရေးအခွင့်အရေး ရရှိခံစားရာတွင် အတားအဆီးအဖြစ် တည်ရှိ‌နေနိုင်သည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ဆေးဝါးမူပိုင်ခွင့်များကို တင်းကျပ်စွာကျင့်သုံးခြင်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက်ကယ်ဆေးများ သုံးစွဲခွင့်ကို ကန့်သတ်ထားနိုင်ခြင်းများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အ‌ရေးထိပါးနိုင်သည်လည်း ဖြစ်ပါသည်။ ကျန်းမာရေးနှင့် မူပိုင်ခွင့် အခွင့်အရေးဆက်နွှယ်မှု ထင်ရှားခဲ့သည့် သာဓကတစ်ခုမှာ အိန္ဒိယနိုင်ငံမှ တရား ရုံးတစ်ခုသည် Gleevec ကင်ဆာဆေး၏ မွမ်းမံပြုပြင်ထားသော ဗားရှင်းအတွက် မူပိုင်ခွင့်တင်ပြလာမှုကို ပယ်ချခဲ့ပြီး လူအများတတ်နိုင်သည့် တန်ဖိုးသင့် ဆေးဝါးများကို ဦးစားပေးအသုံးပြုစေခဲ့ကာ ကျန်းမာရေးနှင့် မူပိုင်ခွင့်အခွင့်အရေးများကြား တင်းမာမှုကို မီးမောင်းထိုး ပြခဲ့ပါသည်။

ဝိဝါဒကွဲပြား အငြင်းပွားဖွယ် ဆက်နွှယ်မှုများအဖြစ် တည်ရှိနေ

နိဂုံးချုပ်ဆိုရသော် မူပိုင်ခွင့်အခွင့်အရေးကို လူ့အခွင့်အရေးရှုထောင့်မှ ကြည့်မည်ဆိုပါက အကျိုးကျေးဇူးများရှိသလို အားနည်းချက်များလည်းရှိနေပါသည်။ ဆေးဝါးများအပါအဝင် နယ်ပယ်အသီးသီးတွင် ဆန်းသစ်တီထွင်မှုများဆောင်ရွက်ရာတွင် ဉာဏပစ္စည်းမူပိုင်ခွင့်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီး မူပိုင်ခွင့်၏အရေးပါပုံကို ဥပဒေဖြင့် အကာအကွယ်ပေးထားပြီး ဖြစ်ပါသည်။

မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းထားရှိမှုသည် တီထွင်ဆန်းသစ်သူများနှင့် ဖန်တီးသူများအတွက် ကောင်းမွန်သည့်အားသာ ချက်များဖြစ်သော်လည်း မူပိုင်ခွင့် အခွင့်အရေးဥပဒေများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်ဥပဒေများကြောင့် နိုင်ငံတွင်းနေထိုင်ကြသည့် ပြည်သူများ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ထိခိုက်လွယ်အုပ်စုဝင် ပြည်သူများနှင့် ဝင်‌‌ငွေနည်းပါးပြည်သူများ၏ အသိပညာရရှိပိုင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်၊ အစားအစာရရှိမှုနှင့် အသက်ရှင်သန်ခွင့် စသည့် အခြေခံလူ့အခွင့် အရေးများအပေါ် ထိပါးသက်ရောက်မှု အခြေအနေများကြောင့် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းသတ်မှတ်ခြင်းနှင့် လူသားများ၏အခြေခံလူ့အခွင့် အရေးခံစားရရှိမှုတို့အကြား ဝိဝါဒကွဲပြား အငြင်းပွားဖွယ် ဆက်နွှယ်မှုများအဖြစ် တည်ရှိနေပါကြောင်း ရေးသားလိုက်ရပါသည်။ ။