ပဲခူး ဒီဇင်ဘာ ၃၀

ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီဖြစ်စေရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဘောဇသာဒီနန်းတော် အဝင်မုခ်ဦးတည်ဆောက်နေမှု၊ နန်းတော်အတွင်း မြေယာရှုခင်းအလှ တည်ဆောက်နေမှု၊ ကျွန်းတိုင်လုံးဟောင်းအဆောင် ပြန်လည်တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ ပေပင်ကုန်းရိုးအား ရေစီးရေလာကောင်းမွန်စေရေးနှင့် ကမ်းပြိုမှု ကာကွယ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၉ ဒသမ ၅၉ သန်းဖြင့် သဲနုန်းဖော်ခြင်း၊ ကျောက်စီခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ရိုးချောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ ပဲခူးမြစ်အတွင်းသို့ စီးဝင်သွားသည့် ရေထွက်ပေါက်များ ပြန်လည်စစ်ဆေးသွားရန်နှင့် မဇင်း(၁)လမ်းကူးတံတားကို ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ယခင်က မြေနိမ့်ချိုင့်ဝှမ်းဖြစ်နေသည့် သမိန်ဗရမ်းလမ်းအား လမ်းအင်္ဂါရပ်နှင့်အညီ ပြန်လည်ဖြစ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန် ပုံငွေကျပ် ၈၀၆ ဒသမ ၃၄ သန်းဖြင့် အရှည် ၁၉၆၈ ပေ၊ အကျယ်ပေ ၄၀ မြေသားတာပေါင်ပြုလုပ်ခြင်း၊ ကွန်ကရစ်ခင်းခြင်းနှင့် RCC Box Culvert ပြုလုပ်နေ မှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းဘေး ဝဲ/ယာတစ်လျှောက် အရိပ်ရပင်များ စိုက်ပျိုးရန်၊ ရေစီး ရေလာကောင်းမွန်စေရေး ရေမြောင်းများ ထည့်သွင်းတည်ဆောက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပဲခူးမြို့ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝင်းအတွင်း နှစ်သစ်ကူးပွဲတော် ကျင်းပ နိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရွှေမော်ဓော ဘုရားရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)