ဝေဖန်မှုများစွာကို လျစ်လျူရှုလျက် မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ခုကို ဖော်ဆောင်ရန် ရည်ရွယ်ထားသည့် ဤသမိုင်းဝင်ရွေးကောက်ပွဲများသည် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက် နှောင့်ယှက်မှုများရှိနေလင့်ကစား တစ်လနီးပါးကြာမြင့်မည်ဖြစ်သည်။ နောက်ထပ် မဲပေးပွဲနှစ်ကြိမ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တစ်ကြိမ်နှင့် နောက်ထပ်နှစ်ပတ်အကြာတွင် တစ်ကြိမ်ကျင်းပသွားမည်ဖြစ်သည်။ ဤကဲ့သို့ သုံးဆင့်ခွဲကျင်းပသည့် ရွေးကောက်ပွဲများသည် အရပ်သားအစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေး အတွက် လမ်းခင်းပေးမည်ဖြစ်သည်။

ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ဤရွေးကောက်ပွဲများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လက အလွန်ခက်ခဲကြမ်းတမ်းပြီး ထူးခြားသော အခြေအနေများအောက်တွင် ဖြစ်ပေါ်ခဲ့သည့် တပ်မတော်က နိုင်ငံတော်အာဏာ ခေတ္တထိန်းသိမ်းထားခြင်းကို အဆုံးသတ်စေမည်ဖြစ်သည်။

ဝေဖန်သူများကမူ လက်ရှိရွေးကောက်ပွဲများကို ဟန်ပြသက်သက်သာဖြစ်သည်ဟု ခေါင်းစဉ် တပ်ကြပြီး နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော ပြင်းထန်သည့်အကြမ်းဖက်မှုများ၊ စစ်ဘက်ဆိုင်ရာ၏ မရိုးသားဟု စွပ်စွဲခံထားရသော ရည်ရွယ်ချက်များနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည်ဟု စာရွက်ပေါ်တွင် ရှိနေဆဲဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းတို့ကြောင့် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲများ ဖြစ်မလာနိုင် ကြောင်း ထောက်ပြကြသည်။

၁၉၅၁ ခုနှစ် ရွေးကောက်ပွဲ

ယင်းသည် အမှန်တရားနှင့် လွန်စွာကွာခြားလှသည်။ အစိုးရကို ပုတ်ခတ်ဝေဖန်မှုများမပြုလုပ်မီ ဤလေ့လာသုံးသပ်သူများအနေဖြင့် နားလည်ထားရမည်မှာ မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲများသည် လွတ်လပ်ရေးရပြီးကတည်းက ရှုပ်ထွေးသော နိုင်ငံရေးအခင်းအကျင်းများကြားတွင်သာ အမြဲကျင်းပခဲ့ရပြီး မည်သည့်အခါကမျှ ပြီးပြည့်စုံခြင်း မရှိခဲ့သည်ကိုပင်ဖြစ်သည်။ ယခုရွေးကောက်ပွဲသည်လည်း ထို့အတူပင်ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော အခြေခံအုတ်မြစ်ချ ရွေးကောက်ပွဲများဖြစ်သည့် ၁၉၅၁ ခုနှစ် ရွေးကောက်ပွဲကိုကြည့်ပါ။ ထိုရွေးကောက်ပွဲသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည့် ရောင်စုံသူပုန် ထကြွမှုများနှင့် နိုင်ငံက ရင်ဆိုင်နေရချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးရပြီးစ ဝန်ကြီးချုပ် ဦးနု၏ အစိုးရသည် မြို့တော်ဟောင်းဖြစ်သော ရန်ကုန် မြို့ပြင်ပသို့ ၎င်း၏အာဏာစက်ကို မဖြန့်ကြက်နိုင်ခဲ့သဖြင့် “ရန်ကုန်အစိုးရ” ဟုပင် အမည်တွင်ခဲ့သည်။ သို့သော် ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့သော ရဲရင့်သည့် တန်ပြန်ထိုးစစ်တစ်ခုဖြင့် အစိုးရတပ်ဖွဲ့များက မြို့ကြီးများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ၁၉၅၁ ခုနှစ်တွင် ကတိပြုထားသည့်အတိုင်း ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်ချက်ချ ခဲ့ခြင်းဖြစ်သည်။

ထိုသမိုင်းဝင် ရွေးကောက်ပွဲများကိုလည်း အဆင့်သုံးဆင့်ခွဲ၍ ကျင်းပခဲ့သော်လည်း ၁၄ လ ကျော်ကြာကာလတစ်ခုအထိ ရှည်ကြာခဲ့သည်။ ၁၉၅၁ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး ၁၉၅၂ ခုနှစ် ဧပြီလတွင်မှ ပြီးဆုံးခဲ့သည်။ သို့သော်လည်း တိုင်းရင်းသားပြည်နယ်များ ဖွဲ့စည်းထားသည့် နယ်စပ်ဒေသအများအပြားတွင် မဲပေးပွဲများ မကျင်းပနိုင်ခဲ့ပေ။ အမှန်တကယ်တွင် တိုက်ပွဲများ ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၏ ၁၁ ရာခိုင်နှုန်းခန့်တွင် ရွေးကောက်ပွဲမကျင်းပနိုင် ခဲ့ပါ။ သို့သော် အခက်အခဲများကြားမှပင် ဦးနု၏ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ ထို့နောက်တွင် ငြိမ်းချမ်းပြီးသာယာဝပြောသော ဒီမိုကရေစီ ဆယ်စုနှစ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အလွန်အရေးပါသော ရွေးကောက်ပွဲတစ်ခု ထပ်မံကျင်းပ

၂၀၁၀ ပြည့်နှစ်သို့ ကျော်ကြည့်မည်ဆိုလျှင် မပြည့်စုံသော်လည်း အလွန်အရေးပါသော ရွေးကောက်ပွဲတစ်ခု ထပ်မံကျင်းပခဲ့သည်။ ထိုနှစ်တွင် တပ်မတော်ဦးဆောင်သော နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (SPDC) က ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ်) ကို လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုပြီးနောက် ရွေးကောက်ပွဲများကို ကျင်းပပေးခဲ့သည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးအပြီးတွင် ကျင်းပခဲ့သော ထိုရွေး ကောက်ပွဲများကို သံသယရှိသူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ပြည်သူလူထုတစ်ရပ်လုံးသည် အလွန်ပြင်းထန်သော နာဂစ်မုန်တိုင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရသဖြင့် နိုင်ငံ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း အတော်လေးကျဆင်းနေခဲ့သည်။ ထိုအဆိုးမြင်မှု များကြားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အဓိကနိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ အမှန်စင်စစ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုလုံးတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေ။

သို့သော် အခက်အခဲအားလုံးကို ကျော်လွှားပြီး ထိုရွေးကောက်ပွဲများမှတစ်ဆင့် ၂၀၁၁ ခုနှစ်တွင် တာဝန်ယူခဲ့သော သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတစ်ရပ် ပေါ်ထွက်လာခဲ့သည်။ ဝေဖန်သူများ၏ အဆိုးမြင်မှုများရှိနေသော်လည်း ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်များပါဝင်သည့် ဘက်စုံပြုပြင်ပြောင်းလဲမှုများကို ရှေ့ဆောင်လမ်းပြ မိတ်ဆက်ခဲ့သည်။ ရလဒ်အနေဖြင့် နောက်ထပ် ဆယ်စုနှစ်တစ်ခုကြာ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်နိုင်ခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး စီးပွားရေးကို ရှေ့သို့ အရှိန်အဟုန်ဖြင့်တွန်းပို့ပေးခဲ့သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ရှစ်ဖွဲ့နှင့် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်” (NCA) ချုပ်ဆိုနိုင်ခဲ့ ပြီးနောက် နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်ရရှိခဲ့သည်။

ယခုအခါ အနောက်နိုင်ငံများကြီးစိုးသော ဧကဝင်ရိုးကမ္ဘာမှ ဗဟုဝင်ရိုးကမ္ဘာဆီသို့ ဦးတည် ရွေ့လျားနေပြီဖြစ်၍ နိုင်ငံတကာအခင်းအကျင်း လုံးဝပြောင်းလဲသွားပြီဖြစ်သော်လည်း ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲများသည် ၂၀၁၀ ပြည့်နှစ် အခြေအနေကို သဲ့သဲ့မျှ ထင်ဟပ်နေပါသည်။

နိုင်ငံ၏ ဝေးလံခေါင်သီသော ဒေသအများစုတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် နိုင်ငံတကာအဖွဲ့အစည်းအများ အပြားက ရွေးကောက်ပွဲ၏ယုံကြည်စိတ်ချရမှုကို ပယ်ချခဲ့ကြသည်။ သို့ရာတွင် လက်တွေ့ကျသော အခြေအနေကို အကဲဖြတ်နိုင်ရန်အတွက် နိုင်ငံတကာမီဒီယာများ၏ မှုန်ဝါးထားမှုကို ဖောက်ထွင်းကြည့်ရှုရန် အရေးကြီးပါသည်။ ဥပမာအားဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က မြို့နယ်ပေါင်း ၂၆၅ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ယင်းသည် နိုင်ငံတစ်ဝန်းရှိ စုစုပေါင်းမြို့နယ် ၃၃၀ ၏ ၈၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံထားခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ မဲပေးပွဲများ ကျင်းပခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ရှိ မဲဆန္ဒရှင်များ မဲရုံများသို့ သွားရောက်ကြမည်ဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တတိယအဆင့် မဲပေးပွဲဖြင့် အဆုံးသတ်မည်ဖြစ်သည်။

ရွေးကောက်ပွဲများသည် လူဦးရေ၏ ထက်ဝက်အောက်သာ လွှမ်းခြုံမှုရှိသည်ဟု ဟစ်ကြွေးနေကြ သော သတင်းအချက်အလက် နားလည်မှုလွဲမှားနေသူများ သို့မဟုတ် ဘက်လိုက်မှုရှိသော ပြည်ပလေ့လာသူများ၏အမြင်များနှင့် ဆန့်ကျင်ဘက်အားဖြင့် မြေပြင်အမှန်တရားများက တခြားတစ်မျိုးကို ဖော်ပြနေသည်။ ဥပမာအားဖြင့် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ရွေးကောက်ပွဲ ဖျက်သိမ်းထားသော မြို့နယ် ၆၅ မြို့နယ်တွင် နေထိုင်သူလူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရသည်။ အဆိုပါ မြို့နယ် ၆၅ မြို့နယ်သည် ဝေးလံခေါင်သီသော ဒေသများဖြစ်ခြင်းကြောင့် လူဦးရေကျဲပါးသည်သာမက ပဋိပက္ခဖြစ်ပွားရာ ထိုဒေသများမှ အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာမှု များပြားခြင်းကလည်း ထိုနေရာများ၏ လူဦးရေသိပ်သည်းဆကို ပိုမိုလျော့နည်းစေခဲ့သည်။

ရွေးကောက်ပွဲများတွင် ဆန်းသစ်တီထွင်မှုနှင့် လတ်ဆတ်မှုတို့ကို ထည့်သွင်းဆောင်ရွက်ခဲ့

ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အခက်အခဲများ ရှိနေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) က ဤရွေးကောက်ပွဲများတွင် ဆန်းသစ်တီထွင်မှုနှင့် လတ်ဆတ်မှုတို့ကို ထည့်သွင်းဆောင်ရွက်ခဲ့သည်။ ဥပမာအားဖြင့် ပြည်​ထောင်စုရွေးကောက်ပွဲ​ကော်မရှင်က ပိုမို ကိုယ်စားပြုမှုရှိစေရန်အတွက် အချိုးကျကိုယ်စားပြု စနစ်(PR) နှင့် မဲအများဆုံးရသူအနိုင်ရသည့်စနစ် (FPTP) ပေါင်းစပ်ထားသောစနစ်သစ် (ရောနှောထားသည့် အချိုးကျကိုယ်စားပြုစနစ်- MMP) ကို ဤရွေးကောက်ပွဲများတွင် မိတ်ဆက်ကျင့်သုံးခဲ့သည်။ ဆိုလိုသည်မှာ အချိုးကျကိုယ်စားပြုစနစ်ကို အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ထည့်သွင်းအသုံးပြုခဲ့ခြင်းဖြစ်သည်။ ရလဒ်အားဖြင့် အမတ်နေရာ ထက်ဝက်ခန့်ကို ပါတီငယ်များအတွက် သီးသန့်ဖြစ်စေနိုင်သည့် ဤပြဋ္ဌာန်းချက်များသည် တိုင်းရင်းသားနိုင်ငံရေးပါတီများစွာကို ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တွန်းအားဖြစ်စေခဲ့သည်။

ယင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် လွန်ခဲ့သော ရွေးကောက်ပွဲသုံးကြိမ်တွင် အကြီးဆုံးသော ပြည်လုံးကျွတ်ပါတီကြီးများဖြစ်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် NLD ပါတီတို့သည် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည့် မဲအများဆုံးသူ အနိုင်ရစနစ် (FPTP) မှ အကျိုးအမြတ်ရရှိခဲ့ကြသည်။ ထို့ကြောင့် ကရင်၊ ကယား၊ ချင်းနှင့် ပအိုဝ်းအဖွဲ့များကို ကိုယ်စားပြုသော တိုင်းရင်းသားပါတီငယ်များသည် အမတ်နေရာအရေအတွက် များများစားစား မရရှိခဲ့ကြပေ။

ယင်းက တိုင်းရင်းသားအုပ်စုများအကြားတွင် ကြီးမားသော စိမ်းကားသီးခြားဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့အနက်မှ အများအပြားသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။

ထို့ပြင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် အဆိုပြုချက်ကို ထောက်ခံနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ ရလဒ်အနေဖြင့် သတ်မှတ်ထားသော တိုင်းရင်းသားနိုင်ငံရေးပါတီများသည် ၎င်းတို့၏ ဝန်ကြီးချုပ်များကို ကိုယ်တိုင်ရွေးချယ်ခွင့်ရရှိလာမည်ဖြစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား အုပ်စုများ၏ ပါဝင်ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေ မည်ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို များစွာအားပေးကူညီနိုင်မည်

အချိုးကျကိုယ်စားပြုစနစ်အတွက် မဲဆန္ဒနယ်များကို ပိုမိုကျယ်ပြန့်စွာ သတ်မှတ်ပေးလိုက်ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ MMP စနစ်သည် ပဋိပက္ခဖြစ်ပွားရာ ပြည်နယ်များရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများအတွက် အသက်ရှူချောင်စေမည့် အခွင့် အရေးကို ပေးစွမ်းနိုင်ခဲ့သည်။ ဤအချက်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို များစွာ အားပေးကူညီနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ပဋိပက္ခအလွန်ပြင်းထန်သော ရခိုင်နှင့် ချင်းပြည်နယ်ကဲ့သို့သော ဒေသများတွင် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) အတွက် ရွေးကောက်ပွဲများကို အများအားဖြင့် ဖျက်သိမ်းထားသော်လည်း အချို့သော ကိုယ်စားလှယ်လောင်းများသည် အချိုးကျကိုယ်စားပြုစနစ်ကြောင့် အမျိုးသား လွှတ်တော်(အထက်လွှတ်တော်) သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်နိုင်ကြဆဲဖြစ်သည်။ ထူးဆန်းသည်တော့မဟုတ်၊ MMP စနစ်၏ အားသာချက်ကို ရယူကာ ပါတီအရွယ်အစားသေးငယ်သော်လည်း ရခိုင်နိုင်ငံရေးပါတီ ငါးပါတီနှင့် ချင်းနိုင်ငံရေးပါတီ သုံးပါတီတို့သည် လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လက်နက်ကိုင်မဟုတ်သော တိုင်းရင်းသား ခေါင်းဆောင်များကို လွှတ်တော်တွင်းသို့ ခေါ်ဆောင် လာခြင်းသည် အခြားအရေးပါသော အကျိုးသက်ရောက်မှုတစ်ခုလည်းရှိနေသည်။ ဤဥပဒေပြု လွှတ်တော်အမတ်များရှိနေခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ထားသော တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းမှုကို အားပေးကူညီနိုင်မည်ဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ဤရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများ၏ ၁၈ ရာခိုင်နှုန်းနီးပါးသည် အမျိုးသမီးများဖြစ်ကြပြီး ယင်းသည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ စတင်ကျင်းပချိန်မှစ၍ အမြင့်ဆုံးအရေအတွက် ဖြစ်သည်။ ပဋိပက္ခများရပ်တန့်ရေးနှင့် အမျိုးသမီးနှင့် လူငယ်အခွင့်အရေးမြှင့်တင်ရေးတို့တွင် တက်ကြွစွာ ဆောင်ရွက်နေကြသော အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်လာနိုင်မည်ဟူသော မျှော်လင့်ချက်များကို ဤအချက်က မြင့်တက်စေသည်။

နောက်ဆုံးအနေဖြင့် မဲရေတွက်မှုဆိုင်ရာ မသမာမှုများကို တန်ပြန်ရန်နှင့် ခေတ်မီနည်းပညာအသုံးပြုခြင်းမှတစ်ဆင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုအဆင့်အတန်းကို မြှင့်တင်ရန်အတွက် UEC သည် မြန်မာအီလက်ထရောနစ်မဲပေးစက်များ (MEVMs) ကို မိတ်ဆက်အသုံးပြုခဲ့သည်။ ထို့ပြင် မဲပေးစက်များအသုံးပြုခြင်းသည် ယခင်က လက်ရေးဖြင့် ဆောင်ရွက်စဉ် ကြုံတွေ့ခဲ့ရသော အဓိက ပြဿနာတစ်ခုဖြစ်သည့် “ပယ်မဲ” ဖြစ်ပေါ်နိုင်ခြေကို ပပျောက်စေသည်။ အမှန်တကယ်တွင် စာရွက်မဲလက်မှတ်များကို အသုံးပြုခဲ့သည့် ယခင် ရွေးကောက်ပွဲသုံးကြိမ်စလုံး၌ အဟောသိကံ ဖြစ်သွားသော ပယ်မဲရာခိုင်နှုန်းသည် ငါးရာခိုင်နှုန်း အထိ မြင့်မားခဲ့သည်။

MEVM စက်များကိုပြင်ပမှ ဝင်ရောက်နှောင့်ယှက်ခြင်းမပြုနိုင်စေရန် UEC က အထူးအလေးထား ဆောင်ရွက်ထားသည်။ ယင်းစက်များအား ရိုးရှင်းသောဒီဇိုင်းကို အခြေခံထားရှိခြင်းနှင့် အင်တာနက်ချိတ်ဆက်နိုင်သည့်စနစ်များ လုံးဝမပါဝင်အောင် လုပ်ဆောင်ထားခြင်းဖြင့် အာမခံချက် ပေးထားသည်။

အာရှဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုပါ သိသိသာသာ အားပေးကူညီနိုင်မည်

မြန်မာနိုင်ငံတွင် သုံးပိုင်းခွဲ၍ ကျင်းပသည့် ဤရွေးကောက်ပွဲများ အောင်မြင်ခြင်းက ငြိမ်းချမ်း ရေး၊ ပြန်လည်သင့်မြတ်ရေး၊ သာယာဝပြောရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အောင်မြင်မှုဖြစ်စဉ်များကို တွန်းအားပေးရန်သာမက ကျယ်ပြန့်သော အာရှဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုပါ သိသိသာသာ အားပေးကူညီနိုင်မည်ဖြစ်သည်။ ယဉ်ကျေးမှု ကြီးမားသော နိုင်ငံကြီးနှစ်ခုဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ပေါင်းကူးတံတားသဖွယ်တည်ရှိနေသော မဟာဗျူဟာမြောက် နယ်ခြားနိုင်ငံ (frontier state) မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အမျိုးသားအကျိုးစီးပွားများ ထိပ်တိုက်မတွေ့ဘဲရှိနေသည့် ထူးခြားသောနိုင်ငံ တစ်ခုဖြစ်သည်။ အမှန်စင်စစ် အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုမှ အကျိုးကျေးဇူး များစွာရရှိနိုင်သဖြင့် အကျိုးစီးပွားချင်း တူညီမှုရှိနေသည်။ အရှေ့တောင်အာရှနှင့် ပိုမိုထိတွေ့ဆက်ဆံရေးဟူသော အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ (Act East Policy) သည် အိန္ဒိယ နှင့် အာဆီယံ ၁၀ နိုင်ငံကြား အဓိကပထဝီဝင် ချိတ်ဆက်မှုဖြစ်သည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး နှင့် လုံခြုံရေးရှိမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ ထို့အတူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည်လည်း မြန်မာနိုင်ငံတွင် ပဋိပက္ခကင်းစင်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလှုပ်ရှားမှုကို ဦးဆောင်နေသည့် အဖွဲ့အစည်းကြီးနှစ်ခုဖြစ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နှင့် BRICS အဖွဲ့တို့သို့ဝင်ရောက်ရန် ပြင်းပြသော စိတ်ဝင်စားမှုကို ပြသထားသောကြောင့် ရွေးကောက်ပွဲလွန်ကာလ အနာဂတ်ကိုမျှော်ကြည့်တတ်သော မြန်မာနိုင်ငံသည် နိုင်ငံတကာ ဗဟုဝါဒ ဖြစ်စဉ်ကိုလည်း အားပေးရာရောက်မည်ဖြစ်ပါသည်။ ။

(ဆောင်းပါးရှင် သတင်းစာဆရာ Atul Aneja ​ရေးသားသည့် Why Myanmar can hope for a bright future after landmark elections ကို ဆီ​လျော်​အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ သည်။ )

သတင်းစာဆရာ Atul Aneja သည် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူအဖြစ် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့နှင့် အတူလိုက်ပါ၍ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လေ့လာခဲ့သူတစ်ဦး ဖြစ်ပါသည်။ သူသည် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank ၏ အကျိုးဆောင်အကြံပေးတစ်ဦးလည်း ဖြစ်ပါသည်။

Original Article Link-

https://www.geopolitika.ru/en/article/why-myanmar-can-hope-bright-future-after-landmark-elections?