နေပြည်တော်      ဇန်နဝါရီ      ၂၁

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက်   အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်  ရေကူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ နာခွန် ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ 80th Birthday Anniver-sary Commemorative Stadium အတွင်း၌ ကျင်းပ သည်။ 

ရေကူး(အမျိုးသား)  မီတာ  ၅၀  ပက်လက်ကူး ပြိုင်ပွဲတွင် အောင်မြင့်မြတ်က မြန်မာနိုင်ငံအတွက် ပထမဦးဆုံး(ရွှေတံဆိပ်)ဆု၊ ဒုတိယ(ငွေတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံ၊  တတိယ(ကြေးတံဆိပ်)ဆု ကို ဗီယက်နမ်နိုင်ငံ၊   ရေကူး(အမျိုးသား)   မီတာ   ၂၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နန္ဒစိုးမင်းက ပထမ(ရွှေတံဆိပ်)ဆု၊ ဒုတိယ(ငွေတံဆိပ်)ဆုကို အိမ်ရှင်ထိုင်းနိုင်ငံ၊ တတိယ (ကြေးတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံ၊  ရေကူး(အမျိုးသား)  မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းနိုင်ငံက ပထမ(ရွှေတံဆိပ်)ဆု၊ ဒုတိယ(ငွေတံဆိပ်)ဆုကို မြန်မာနိုင်ငံမှ စိုးဝင်း၊ တတိယ (ကြေးတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံ၊ ရေကူး(အမျိုးသား) မီတာ ၂၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)ဆုကို မလေးရှားနိုင်ငံ၊ ဒုတိယ(ငွေတံဆိပ်)ဆုကို မြန်မာနိုင်ငံမှမင်းထူး၊ တတိယ (ကြေးတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံတို့က ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်၍ (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တင်ညိုက ပထမ(ရွှေတံဆိပ်)ဆု၊ ဒုတိယ(ငွေတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံ၊ တတိယ (ကြေးတံဆိပ်) ဆုကို မြန်မာနိုင်ငံမှ အောင်ထွန်းလင်းတို့က ရရှိခဲ့သည်။

ထို့နောက် (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင်   မြန်မာနိုင်ငံမှ  ထက်ထက်အေးက   ပထမ (ရွှေတံဆိပ်)ဆု၊ ဒုတိယ(ငွေတံဆိပ်)ဆုနှင့် တတိယ (ကြေးတံဆိပ်)ဆုကို ဖိလစ်ပိုင်နိုင်ငံ၊(အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)ဆုကို မလေးရှားနိုင်ငံ၊ ဒုတိယ (ငွေတံဆိပ်)ဆုကို မြန်မာ နိုင်ငံမှ  ချောဧကရီ၊  တတိယ(ကြေးတံဆိပ်)ဆုကို မလေးရှားနိုင်ငံတို့က ဆွတ်ခူးရရှိခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ရေကူး၊ မျက်မမြင်ဂိုးလ်ဘော၊ မျက်မမြင်စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘောလုံးအားကစား နည်းများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ် ရှစ်ခုဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမှ ရွှေ၊ ငွေနှင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ    ဗိုလ်ချုပ်လှမိုးက လည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို   တာဝန် ရှိသူများကလည်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့ပြင်  ထိုင်လျက်ဘော်လီဘော  အုပ်စုအဖွင့် ပွဲစဉ်တွင် မြန်မာအသင်းနှင့် အိမ်ရှင်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အိမ်ရှင်ထိုင်းအသင်းကို   (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊   ခုနစ်ယောက်တစ်ဖက်ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းနှင့်  အိမ်ရှင်ထိုင်းအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီ   သရေရလဒ်ဖြင့်လည်းကောင်း  ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲများတွင် ပထမ(ရွှေတံဆိပ်)ဆုရရှိခဲ့သူများကို ဒေါ်လာ ၃၀၀၊ ဒုတိယ (ငွေတံဆိပ်) ဆုရရှိခဲ့သူများကို ဒေါ်လာ   ၂၀၀  နှင့်   တတိယ (ကြေးတံဆိပ်)ဆုရရှိခဲ့သူများကို ဒေါ်လာ ၁၀၀ တို့အား   မြန်မာနိုင်ငံ  မသန်စွမ်းအားကစားအဖွဲ့ချုပ်ကိုယ်စား မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ဆုများချီးမြှင့်ခဲ့သည်။

ဇန်နဝါရီ ၂၂ ရက် ပြိုင်ပွဲ ပွဲစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် မျက်မမြင်စစ်တုရင်၊ မျက်မမြင် ဂိုးလ်ဘော၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ ဘောလုံး၊ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘိုစီယာနှင့် ဘိုးလင်းအားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်