စပိန်လာလီဂါပွဲစဉ် (၂၁) မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် ဗီလာရီးရဲနှင့် နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းပွဲစဉ်ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက အသင်းအဓိကတိုက်စစ်ကစားသမား အမ်ဘာပေ၏ သွင်းဂိုးများဖြင့် နှစ်ဂိုး ပြတ် နိုင်ပွဲရရှိခဲ့သည်။
ဗီလာရီးရဲအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်မှ ရှုံးနိမ့်မှုကို ချေဖျက်ရန် အားစိုက်ကစားလာသော်လည်း ရီးရဲမက်ဒရစ်အသင်း၏ ဖိအားပေးကစားမှုအောက် ပုံစံကောင်းပျောက်ဆုံးကာ ရှုံးပွဲဆက်လက်ကြုံတွေ့ခဲ့သည်။ ရီးရဲမက်ဒရစ်အသင်းတိုက်စစ်ကစားသမား အမ်ဘာပေက ယခုပွဲတွင် အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် ရရှိသည့် နှစ်ဂိုးစလုံးကို သွင်းယူနိုင်ခဲ့သည်။ အဆိုပါ သွင်းဂိုးများကြောင့် လာလီဂါ တွင် ပွဲ ၂၀ ကစားပြီး သွင်းဂိုး ၂၁ ဂိုး ရှိလာပြီ ဖြစ်သည်။
ရီးရဲမက်ဒရစ်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းထက် တစ်ပွဲပိုကစားပြီး နှစ်မှတ် အသာ ရမှတ် ၅၁ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ ပြိုင်ဘက်ဗီလာရီးရဲအသင်းက ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် လာလီဂါ ရှုံးပွဲငါးပွဲ ရှိလာပြီ ဖြစ်သည်။
အခြားပွဲစဉ်ရလဒ်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းက မာယော့ကာကို သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
မိုးဇက်


