အားလုံးမင်္ဂလာပါ။
ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ”ကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ ကောင်းခြင်းမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေကို “သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မား လာစေရန်”နဲ့ “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေး ပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်” စတဲ့ရည်ရွယ်ချက်တွေနဲ့ ၁၉၆၅ ခုနှစ်က စတင်ကျင်းပလာခဲ့တာ ယခုအခါ (၅၄) ကြိမ်မြောက် ကျင်းပနိုင်ပြီဖြစ်ပါတယ်။
ယနေ့ခေတ်ဟာ သိပ္ပံနဲ့ နည်းပညာခေတ်ဖြစ်တဲ့အတွက် အရာရာဟာ အရှိန်အဟုန်နဲ့တိုးတက် ပြောင်းလဲ လျက်ရှိနေပါတယ်။ ဒါကြောင့်လည်း ဆေးသိပ္ပံပညာရပ်တွေ၊ ရောဂါရှာဖွေကုသတဲ့ ခေတ်မီ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ၊ ဆေးဝါးနဲ့ ကုထုံး အသစ်တွေ တိုးတက်လာဖို့နဲ့ Artificial Intelligence (AI) နည်းပညာအကူအညီနဲ့ ဆောင်ရွက်နိုင်တဲ့အထိ စဉ်ဆက်မပြတ်လေ့လာသိရှိဖို့ လိုအပ် လာပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံတွေမှာ ပြည်တွင်းကသုတေသီပညာရှင်တွေ သာမက နိုင်ငံတကာက သုတေသီတွေလည်းပါဝင်ပြီး သုတေသနစာတမ်းတွေ၊ သုတေသန ပိုစတာတွေကို တင်သွင်းပြသကြတာတွေ့ရပါတယ်။ ဒါ့အပြင် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ် ဆွေးနွေးပွဲ (Symposium) တွေနဲ့ ဘာသာရပ်အလိုက် ဟောပြောပွဲ (Scientific Talk) တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပပြီး အသစ်အသစ်သော ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေနဲ့ သုတေသနဆိုင်ရာတွေ့ရှိချက် (Updated knowledge and research finding) တွေကို တင်ပြဆွေးနွေးကြမယ်လို့လည်း သိရှိရပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆောင်ရွက်နေတာတွေ့ရှိရလို့ ဝမ်းသာ ဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။
ယခု (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ ဦးတည်ချက်အဖြစ် “ဆေးသုတေသန ဆောင်ရွက်မှုများမှသည် ပြည်သူလူထု၏ ကျန်းမာရေး ပိုမိုကောင်းမွန်စေရေး- Better Health Through Medical Research” ဆိုတဲ့ဆောင်ပုဒ်နဲ့ သတ်မှတ်ထားတယ်လို့ သိရှိရပါ တယ်။
ဆေးသုတေသန လုပ်ငန်းတွေကရရှိလာတဲ့ ခိုင်မာတိကျတဲ့ ရလဒ်အခြေပြုသုတေသနတွေ့ရှိချက် (Evidence-based research finding) တွေကို အသုံးပြုပြီး ရောဂါရှာဖွေရေး နည်းစနစ်တွေ၊ ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ ပိုမိုထိရောက် ကောင်းမွန်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ လူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ တိုးတက်အောင်မြင်စေဖို့နဲ့ မိမိတို့နိုင်ငံအတွက် ခေတ်နဲ့အညီ သင့်တော်တဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဖို့ကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်ဆေးသုတေသနဆောင်ရွက်မှု ရလဒ်တွေကတစ်ဆင့် တစ်မျိုးသားလုံးရဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေပြီး မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း တိုးမြင့်လာစေနိုင်မှာလည်း ဖြစ်ပါတယ်။
ယခုအချိန်မှာ အဖြစ်များပြီး ထပ်မံဦးမော့လာနိုင်တဲ့ မကူးစက်တတ်သော ရောဂါများဖြစ်တဲ့ ဆီးချို ရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ပူးပေါင်းပြီး “မြန်မာ နိုင်ငံရှိ မကူးစက်တတ်သော ရောဂါများ၏ ဖြစ်ပွားနိုင်ခြေကို လေ့လာခြင်းသုတေသန (၂၀၂၄)” ကို ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ မကူးစက်တတ်သောရောဂါ ဖြစ်ပွားမှု မြင့်မားလာခြင်းကို ကာကွယ်တားဆီးခြင်းလုပ်ငန်းတွေနဲ့အတူ ပြည်သူလူထုအတွင်း အာဟာရမျှတစွာစားသုံးတဲ့ အလေ့အထတွေရရှိနိုင်ဖို့အတွက် ပံ့ပိုးကူညီပေးရမှာလည်းဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတော်က ဆေးသုတေသနဦးစီးဌာနသာမက အခြားဦးစီးဌာနတွေ၊ ဆေးနဲ့ ဆေးနှီးနွှယ်တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် နိုင်ငံတော်က ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ခွင့်ပြုပေးခဲ့ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန ဦးဆောင်ပံ့ပိုးမှုနဲ့ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့ပူးပေါင်းပြီး “မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသားကျောင်းသူများတွင် ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို လေ့လာခြင်းသုတေသန”ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသား ကျောင်းသူတွေဟာ အနာဂတ် နိုင်ငံတော်ရဲ့ မျိုးဆက်သစ်တွေ ဖြစ်တဲ့အတွက် ယခုဆောင်ရွက်ခဲ့တဲ့ သုတေသနရလဒ်တွေအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ ကျောင်းကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
နောက်တစ်ချက် မှာကြားလိုတာကတော့ ဒေသတွင်းဖြစ်ပွားတတ်တဲ့၊ ကူးစက်တတ်တဲ့ ကပ်ရောဂါတွေ၊ ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ ရောဂါတွေ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကင်ဆာ ရောဂါကို စောစီးစွာသိရှိစေနိုင်ပြီး ကုသမှုတွေအောင်မြင်အောင် အထောက်အကူပြုနိုင်တဲ့ သုတေသနတွေကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ခေတ်မီ ဓာတ်ခွဲနည်းပညာတွေ၊ သုတေသနနည်းစနစ်တွေကို ကျင့်သုံးပြီး ဆောင်ရွက်နေတယ်လို့ သိရှိရတဲ့အတွက် ယခုထက်ပိုပြီး ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားလိုပါတယ်။
အထူးသဖြင့် မိမိတို့ပြည်သူတွေ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အာဟာရဆိုင်ရာသုတေသနတွေ၊ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ သုတေသနတွေ၊ ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်ပြုမူရေးနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနတွေကို တိုးမြှင့်ဆောင်ရွက် ကြဖို့လိုပါတယ်။ အဲဒီသုတေသနတွေက တွေ့ရှိချက် တွေကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု ပညာပေးလုပ်ငန်းတွေကိုပါ ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။
ဆေးကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ၊ ဆေးရုံအုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ သုတေသန လုပ်ငန်းတွေကိုလည်း တိုးမြှင့်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်တွေ၊ ဆေးရုံတွေ၊ ရောဂါတိုက်ဖျက်ရေး စီမံချက်တွေ၊ အခြေခံကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်သူလူထု အခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်တွေကိုလည်း နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်သူလူထုရဲ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်ဖို့လည်းလိုအပ်ပါတယ်။ တိုင်းရင်းဆေးနဲ့ပတ်သက်လို့ တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက် တွေရရှိဖို့ လက်တွေ့အသုံးချသုတေသနတွေကို တိုင်းရင်းဆေးပညာ ဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း လမ်းညွှန်မှာကြားလိုပါတယ်။
မိမိတို့နိုင်ငံမှာ သုတေသနပြုလိုတဲ့စိတ် (Research minded) ရှိတဲ့ လူငယ်လူရွယ်တွေ ပညာရှင်တွေ များစွာပေါ်ထွက်လာပြီး သုတေသနလုပ်ငန်းတွေကို နည်းစနစ်၊ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း သုတေသန နည်းပညာသင်တန်းတွေ၊ သုတေသနကျင့်ဝတ်ဆိုင်ရာ သင်တန်းတွေကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးရမှာဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ သုတေသနပြုလုပ်ခြင်းက အရေးကြီးကြောင်း နားလည်သဘောပေါက်ပြီး သုတေသနဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ် (Research culture) တစ်ခု တိုးတက်ဖြစ်ထွန်းရှင်သန်လာစေရေး လေ့ကျင့်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက သုတေသီတွေနဲ့ ပညာရှင်တွေဟာ အပြည်ပြည်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို တက်ရောက်ခြင်း၊ အပြည်ပြည် ဆိုင်ရာ ညီလာခံများသို့ တက်ရောက်ပြီး စာတမ်းများ ဖတ်ကြားတင်ပြခြင်း၊ ဟောပြောပွဲတွေမှာဟောပြော သူအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံမှာ ဆေးပညာရပ် ဆိုင်ရာ ညီလာခံတွေကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ဆောင်ရွက်ပေးနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအနေနဲ့ ဆေးသုတေသနဦးစီးဌာနကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ငှက်ဖျားရောဂါ သုတေသနနဲ့ ရောဂါရှာဖွေကုသရေးအတွက် ပူးပေါင်းဆောင်ရွက်တဲ့ဌာန WHO Collaborating Centre for Research & Training on Malaria - (WHO-CC) အဖြစ် ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ကစပြီး ၂၀၂၈ ခုနှစ်အထိ အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။ ဆေးသုတေသန ဦးစီးဌာနရဲ့ ငှက်ဖျားရောဂါ၊ ကိမိလဗေဒနဲ့ ပိုးသတ်ဆေးယဉ်ပါးမှုတို့နဲ့ ပတ်သက်တဲ့ သုတေသန၊ လေ့ကျင့်ရေးနဲ့ ပညာရေး၊ သတင်းအချက်အလက်စုဆောင်းခြင်းနဲ့ ပေါင်းစပ်ခြင်း လုပ်ငန်းတွေမှာ WHO-CC အနေနဲ့ ပါဝင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရတဲ့အတွက် နိုင်ငံ့ကျန်းမာရေး ကဏ္ဍ တိုးတက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ လူငယ်တွေ အသိပညာ၊ အတတ် ပညာ မြင့်မားရေးနဲ့ တိုင်းရင်းသား ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ဖို့ လိုအပ်ကြောင်း သိရှိနားလည် ထားပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေထဲမှာ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေး ထားမြှင့်တင်ရေး” ဆိုပြီး ချမှတ်အကောင်အထည် ဖော်လျက်ရှိပါတယ်။ ဒီလိုကျန်းမာရေးကဏ္ဍကို မြှင့်တင်ရာမှာ သုတေသနလုပ်ငန်းများနဲ့ ခုလိုကျင်းပတဲ့ သုတေသနညီလာခံတွေဟာ များစွာ အထောက်အကူဖြစ်စေပြီး အောင်မြင်တိုးတက်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါကြောင်း ပြောကြား လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ယခု (၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံကြီးမှာ တင်ပြတဲ့ သုတေသနရလဒ်ကောင်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့အတွက် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ရေးနဲ့ လူတိုင်းရောဂါဘယ ကင်းရှင်းရေးကိုများစွာ အထောက်အကူပြုမှာဖြစ်ပါတယ်။ ဆေးသုတေသနဦးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဆေးသုတေသန တွေ့ရှိချက်တွေကိုအသုံးချပြီး ပြည်သူတွေ ပိုမိုကျန်းမာလာစေရေးကို အကောင်အထည် ဖော်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးတွန်းအားပေးတဲ့ သုတေသန ကောင်းတွေကို သုတေသီများက စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။


