ရန်ကုန်   ဇန်နဝါရီ   ၂၇

အောင်ပွဲရ မြန်မာမသန်စွမ်း အားကစားအသင်းမှ  အားကစားသမားများအား ကမ္ဘောဇဘဏ် နာယကနှင့် ဝန်ထမ်းမိသားစုများက ပေးပို့လှူဒါန်းသည့် ထိုင်းဘတ်ငွေများကို   ဒွန်းမောင်းလေဆိပ်၌ ချီးမြှင့်ပေးအပ်သည်။

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်  ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် နာခွန်ရစ်ချာ ဆီးမားမြို့တို့၌ ကျင်းပခဲ့ရာ  မြန်မာနိုင်ငံမှ အားကစားနည်း ၁၁ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာမသန်စွမ်း  အားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်ဆု ၂၀၊ ငွေတံဆိပ်ဆု ၁၉ ခု၊ ကြေးတံဆိပ် ဆု ၂၀ စုစုပေါင်းဆုတံဆိပ် ၅၉ ခု တို့ကို  ဆွတ်ခူးရယူပေးခဲ့သည့်  နိုင်ငံကိုယ်စားပြုအားကစားသမားများအတွက် ကမ္ဘောဇဘဏ် နာယက  ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်ဝန်ထမ်းမိသားစုများက လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်သည့် အနေဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုတစ်ခုစီအတွက်(တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် တစ်သိန်းစီကို သံအမတ်ကြီး ဦးဇော်ဇော်စိုးက လည်းကောင်း၊ ငွေတံဆိပ်ဆု  တစ်ခုစီအတွက်(တစ်ဦးချင်း/အသင်းလိုက်) ထိုင်းဘတ် ငါးသောင်းစီကို စစ်သံမှူးကြီး ဗိုလ်မှူးချုပ် ဝင်းသူလင်းကလည်းကောင်း၊ ကြေးတံဆိပ်ဆုတစ်ခုစီအတွက် (တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် သုံးသောင်းစီကို သံမှူးကြီး ဦးစိုးသူဟိန်းက  လည်းကောင်း၊ စုစုပေါင်း ရွှေ ၂၀၊ ငွေ ၁၉ ဆုနှင့်ကြေး ၂၀ တို့အတွက် ထိုင်းဘတ် ၃၅ သိန်း ၅ သောင်းကို ဗန်ကောက်မြို့ ဒွန်မောင်းလေဆိပ်တွင်ချီးမြှင့်ပေးအပ်သည်။

ထို့အတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့်   (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌   မြန်မာနိုင်ငံကိုယ်စားပြု ရိုးရာခြင်းလုံးနှင့် ဘိလိယက်ပြိုင်ပွဲများတွင် ရရှိသည့် ရွှေတံဆိပ်ဆုတစ်ခုစီအတွက် ထိုင်းဘတ် သုံးသိန်းစီဖြင့် ထိုင်းဘတ်ကိုးသိန်းကို   ချီးမြှင့်ခဲ့သဖြင့် ကမ္ဘောဇဘဏ်နာယကနှင့် ဝန်ထမ်းမိသားစုများ၏ ချီးမြှင့်ငွေ စုစုပေါင်း ထိုင်းဘတ် ၄၄ ဒသမ ၅ သိန်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်