ရန်ကုန် ဇန်နဝါရီ ၂၈
အများပြည်သူ ပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှ တရုတ်နှစ်သစ်ကူး ပိတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁၇ ရက်အထိ ခြောက်ရက်တာအတွင်း ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါရန်ဂျီကမ်းခြေတို့၏ အပန်းဖြေခရီးစဉ်တို့တွင် ဟိုတယ်နှင့်တည်းခိုခန်း ၉၀ ရာခိုင်နှုန်းနီးပါး ပြည့်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ဧရာဝတီတိုင်းဒေသကြီးက ငွေဆောင်၊ ချောင်းသာကမ်းခြေ အပါအဝင် အပန်းဖြေစခန်းတွေမှာ ဖေဖော်ဝါရီလပိတ်ရက် ခြောက်ရက်အတွင်း အပန်းဖြေဖို့ ဟိုတယ်နဲ့တည်းခိုခန်း ၉၀ ရာခိုင်နှုန်းနီးပါး ပြည့်နေပါပြီ။ ဟိုတယ်နဲ့တည်းခိုခန်းတွေကလည်း ဝန်ဆောင်မှုအပြည့်ပေးဖို့ စီမံထားကြပါတယ်။ ဒီနှစ်ဟာ မနှစ်ကထက် ခရီးသွားများလာမယ့် သဘောရှိပါတယ်။ နှစ်သစ်ကူးမှာလည်း ခရီးသွားများခဲ့သလို ဖေဖော်ဝါရီလ ပိတ်ရက်ရှည်မှာလည်း ခရီးသွားမှု များလာမှာဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းအပါအဝင် ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းမှုအပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောသည်။
ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာ
နိုင်ငံတကာနှစ်သစ်ကူး ပိတ်ရက်ကာလ၌ ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများသို့ ပြည်တွင်း/ပြည်ပခရီးသွား ၂၂၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခဲ့ကာ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများ အများဆုံးဝင်ရောက်ခဲ့၍ ယခုလာမည့် ရုံးပိတ်ရက် ရှည်ကာလတွင်လည်း ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာနိုင်ကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများက ခန့်မှန်းထားသည်။
ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေများသို့ ပြီးခဲ့သည့်နှစ်တွင် ဇန်နဝါရီလ ၁ ရက်မှ ၁၀ ရက်အထိ ပြည်တွင်း/ပြည်ပခရီးသွား ၃၉၈၄၄ ဦး အပန်းဖြေ ဝင်ရောက်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်း၌ ဇန်နဝါရီ ၁ ရက်မှ ၁၀ ရက်အထိ ပြည်တွင်း/ ပြည်ပ ခရီးသွား ၆၃၈၇၈ ဦး ဝင်ရောက်ခဲ့ရာ ယမန်နှစ်ထက် အပန်းဖြေခရီးသွား ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ တည်းခိုအနားယူနိုင်ရန် ငွေဆောင်ကမ်းခြေ၌ ဟိုတယ် ၃၈ လုံး၊ တည်းခိုခန်း ၇၀၊ ချောင်းသာကမ်းခြေ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၂ လုံး၊ တည်းခိုခန်း ၅၅ လုံး၊ ရွှေသောင်ယံကမ်းခြေ၌ ဟိုတယ်ခြောက်လုံး၊ တည်းခိုခန်းသုံးလုံးနှင့် ပုသိမ် မြို့နှင့်အခြားဒေသများ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၉ လုံး၊ တည်းခိုခန်း ၃၁၅ လုံး ဖွင့်လှစ်ထားကာ ခရီးသွားကာလ၌ သွားလာရေး အဆင်ပြေချောမွေ့စေရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဥဿ
ဓာတ်ပုံ - ကိုလွင်


