ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဇန်နဝါရီ ၂၉ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အသင်းကြီး အာဆင်နယ်နှင့် ကာဇက်စတန်ကလပ် ကိုင်ရတ်အသင်းပွဲစဉ်တွင် အာဆင်နယ်အသင်းက အကြိတ်အနယ်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်သည် ရက်ပေါင်း ၃၅၇ ရက်ကြာပြီးနောက် အာဆင်နယ်အသင်းအတွက် ပထမဆုံးပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့သည်။ ထို့အပြင် ၎င်းသည် အာဆင်နယ်အသင်းအတွက် အရေးပါသည့် သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှစ်ပွဲကစားပြီး ရှစ်ပွဲစလုံး နိုင်ပွဲရရှိအောင် စွမ်းဆောင်ကာ ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် မန်စီးတီးအသင်းပြီးနောက် ရှစ်ပွဲဆက်နိုင်ပွဲရရှိသည့် ဒုတိယမြောက် အင်္ဂလန်ကလပ်အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၂၃ ခုနှစ် မေလနှင့် ၂၀၂၄ ခုနှစ် မတ်လကြား ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၀ ပွဲဆက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။
ပြိုင်ဘက်ကိုင်ရတ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှစ်ပွဲကစားပြီး နိုင်ပွဲရရှိထားခြင်းမရှိဘဲ တစ်ပွဲသရေနှင့် ၇ ပွဲအထိ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ယခုနှစ်ရာသီ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်ကိုယ်စားပြုအသင်းများဖြစ်သည့် အာဆင်နယ်၊ လီဗာပူး၊ စပါး၊ ချယ်ဆီး၊ မန်စီးတီးတို့ ၁၆ သင်းအဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ နာမည်ကြီးအသင်းများဖြစ်သည့် ရီးရဲမက်ဒရစ်၊ အင်တာမီလန်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို မက်ဒရစ်စသည့် အသင်းများမှာ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းခွင့် မရရှိခဲ့ဘဲ ရှုံးထွက်ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။
အောင်ဇော်


