ပခုက္ကူ ဖေဖော်ဝါရီ ၂
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘော အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက်က အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပသည်။
ဦးစွာ ပခုက္ကူတက္ကသိုလ်ကျောင်းသူများက အားကစားတေးသီချင်းအကများဖြင့် ကပြဖျော်ဖြေကြပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အမှာစကားပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်(၄)ရပ် ရွတ်ဆိုကြပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရူပဗေဒဌာန(အမျိုးသား)အသင်းနှင့် ဝိဇ္ဇာ ညွန့်ပေါင်း(အမျိုးသား)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဝိဇ္ဇာညွန့်ပေါင်းအသင်းက နှစ်ပွဲ တစ်ပွဲ၊ အရှေ့တိုင်းဌာန(အမျိုးသမီး) အသင်းနှင့် ရူပဗေဒဌာန(အမျိုးသမီး)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒဌာနအသင်းက နှစ်ပွဲပြတ်၊ မြန်မာစာဌာန(အမျိုးသမီး)အသင်းနှင့် သင်္ချာဌာန (အမျိုးသမီး)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာစာဌာနအသင်းက နှစ်ပွဲပြတ် စသည်ဖြင့် အနိုင်ရရှိကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


