ဖေဖော်ဝါရီ ၄ ရက် နံနက် ၂ နာရီခွဲက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှ နာမည်ကြီး အာဆင်နယ်နှင့် ချယ်ဆီးအသင်းပွဲစဉ်တွင် အာဆင်နယ်အသင်းက ပွဲချိန်ပြည့်ခါနီးတွင် ရရှိခဲ့သော ကိုင်ဟာဗက်ဇ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် အာဆင်နယ်အသင်းသည် ချယ်ဆီးအသင်းကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ရှစ်နှစ်အတွင်း   အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်လှမ်းနိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည် အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ကို ၂၀၁၈ ခုနှစ်က နောက်ဆုံးတက်ရောက်ထားနိုင်ခဲ့ပြီး ထိုစဉ်က မန်စီးတီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ကာ ဖလားဆွတ်ခူးခွင့် လွဲချော်ထားသည်။ အာဆင်နယ်အသင်းသည် ယခုနှစ်ရာသီတွင်  ခြေစွမ်းကောင်းပြသထားနိုင်သည့်အသင်းဖြစ်ပြီး ပရီမီယာလိဂ်တွင် အမှတ်ပေးဇယားကို ဦးဆောင်ထား သည်။ ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း  နောက်တစ်ဆင့်တက်ရောက်ထားပြီး  အက်ဖ်အေဖလားပြိုင်ပွဲတွင်လည်း စတုတ္ထအဆင့် တက်လှမ်းထားနိုင်သည်။

ပထမအကျော့တွင် ရှုံးနိမ့်ထားသော ချယ်ဆီးအသင်းသည် ယခု ဒုတိယအကျော့တွင် အာဆင်နယ် အသင်းကို ပြတ်သားသောရလဒ်ဖြင့်  နိုင်ပွဲရရှိရေး အားစိုက်ကစားလာသော်လည်း အသင်းကစားသမားများ၏  အဆုံးသတ်သွင်းယူမှုပိုင်း အားနည်းချက်ရှိနေသည့်အတွက် ရှုံးပွဲကြုံတွေ့ကာ ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် မန်စီးတီးနှင့် နယူးကာဆယ်အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို  လာမည့်မတ်လ  ၂၂  ရက်တွင်   နာမည်ကြီး ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။                                                                                                                                

အောင်ဇော်