အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှ ဖေဖော်ဝါရီ ၅ ရက် နံနက် ၂ နာရီခွဲက   အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီးနှင့် နယူးကာဆယ်အသင်း ပွဲစဉ်တွင် မန်စီးတီးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ထို့ကြောင့် မန်စီးတီးအသင်းသည်  နယူးကာဆယ် အသင်းကို  နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံးဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။ နယူးကာဆယ်အသင်းသည် ယခုဒုတိယအကျော့တွင်လည်း  ဂိုးပြတ်ရှုံးပွဲ  ထပ်မံကြုံတွေ့ခဲ့သည့်အတွက်  ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။    မန်စီးတီးအသင်း   တိုက်စစ်ကစား သမား မာမွတ်ချ် အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

နယူးကာဆယ်အသင်းသည်   ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သောကြောင့် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ လေးပွဲတွင် နိုင်ပွဲပျောက်ဆုံးခဲ့သည့်အပြင် နှစ်ပွဲဆက် ဂိုးပြတ်ရှုံးနိမ့်မှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ မန်စီးတီးအသင်းသည် နောက်ဆုံးဗိုလ်လုပွဲတွင် အသင်းကြီး အာဆင်နယ်နှင့်  မတ် ၂၂ ရက်တွင်  ဝင်ဘလေကွင်း၌  ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အာဆင်နယ်အသင်းသည် ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ချယ်ဆီးအသင်းကို နှစ်ကျော့ပေါင်းရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲတက်လှမ်းလာသည့်အသင်းဖြစ်သည်။

အောင်ဇော်