နေပြည်တော် ဖေဖော်ဝါရီ ၁၀

 

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ၁၃ ရက်အထိ နေပြည်တော်ရင်ပြင်၌ ကျင်းပသည့် ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသလျက်ရှိသည့် လုပ်ငန်း/စီးပွား ချိတ်ဆက် (Business Matching) ပြခန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင်တည်ထောင်သည့် အချိန်မှစ၍ ပြည်တွင်း စျေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ချိတ်ဆက်နိုင်မည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပြပွဲကာလအတွင်း MSMEစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများဖြစ်သည့် ကုန်သွယ်ရေး ဦးစီးဌာနတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် လက်မှတ်၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတွင် FDA လက်မှတ်၊ မူပိုင်ခွင့်ဦးစီးဌာနတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့် အခြားဦးစီးဌာနများတွင် တင်သွင်း၊ တင်ပို့မှုဆိုင်ရာထောက်ခံချက် ကိစ္စရပ်များကို ရှင်းလင်း ဆောင်ရွက်ပေးသည့် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို ပြည်တွင်းရှိ လက်လီ၊ လက်ကားဆိုင်များ ဖြစ်သည့် MaKro City Mart One Stop Mart Aeon စသည်တို့တွင် ကုန်ပစ္စည်းများ ပြသရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ MSME စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသစ်တစ်ခု စတင်တည်ထောင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့် ဘဏ္ဍာငွေကြေးနှင့် ချေးငွေရရှိနိုင်ရေးတို့အတွက် ပြည်တွင်းရှိ Bank များ ဖြစ်သည့် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ SME Development ဘဏ် စသည့်ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေး လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပြည်ပစျေးကွက် ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် တာဝန်ပေးစေလွှတ်ထားသည့် စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ပြည်ပစျေးကွက်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့တို့ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

 

ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့

ပြပွဲ တတိယမြောက်‌နေ့တွင်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ MSME လုပ်ငန်းရှင် ၉၀၊ ပြည်တွင်း စျေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လက်လီ၊ လက်ကား ၁၁ ဆိုင်နှင့်တွေ့ဆုံသည့် လုပ်ငန်းရှင် ၅၉ ဦး၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ ဘဏ် ၁၄ ခုနှင့်တွေ့ဆုံသည့် လုပ်ငန်းရှင် ၅၆ဦး၊ ပြည်ပစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လုပ်ငန်းရှင်ခုနစ်ဦးတို့နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်