ညောင်ဦး ဖေ‌ဖော်ဝါရီ ၁၃

 

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ခြောက်ရက်ဆက်ပိတ်ခြင်းနှင့်အတူ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူး ဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကတာဝန်ရှိသူများထံမှ သိရသည်။

 

သမိုင်းဝင် စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ မဟာငှက်ပစ် တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် ယာဉ်ရပ်နားသည့် နေရာအခက်အခဲဖြစ်သည်အထိ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။

 

ပွဲတော်အချိန်ခါ မဟုတ်သည့် အခါကြီးရက်ကြီး အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်းပြည်ပ ခရီးသွား အဆက်မပြတ်သည့် မြို့ဖြစ်ကာ သီတင်းကျွတ် ရုံးပိတ်ရက်၊ တန်ဆောင်တိုင် ရုံးပိတ်ရက်၊ ဒီဇင်ဘာရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး ပကတိအတိုင်း ရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း နေရာစိပ်စိပ်နှင့် လက်ညှိုးထိုးမလွှဲ တစ်နေရာနှင့်တစ်နေရာ မဝေးကွာဘဲ တစ်ဆက်တစ်စပ်တည်း ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်း ပြည်ပခရီးသွားများကို အလွန်ပင် ဆွဲဆောင်လှကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက်ဘုရားဖူး လာရောက်ကြသည့် မစန္ဒာလှိုင်က ပုဂံဒေသအကြောင်း ပြောကြားသည်။

 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ကာ ဘုရားဖူးခရီးသွား နေ့စဉ်တစ်သိန်းကျော် ဝင်ရောက်လျက်ရှိကာ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ဘုရားဖူးများပြည့်နေပြီး စားသောက်ဆိုင်များ၊ ပြည်တွင်း ဧည့်ကားအငှား လိုက်သူများ၊ မြင်းလှည်းအငှား လိုက်သူများ၊ မီနီအိုးဝေအငှားထောင်ထားသူများ၊ ပြည်တွင်း ဧည့်လမ်းညွှန်များ၊ ဒေသထွက်ပစ္စည်း ရောင်းချသည့်ဆိုင်များ နေ့စဉ် ရောင်းဝယ်ဖောက်ကားမှုများဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။  

 

ဒီပါလင်း