ဦးဟိန်းထွဋ်အောင်

 

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက် အထိ ကျင်းပလျက်ရှိသည်။

 

ပြပွဲတွင် ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသ ရောင်းချလျက်ရှိပြီး ပါဝင်ပြသ ရောင်းချကြသည့် လုပ်ငန်းရှင်များ၏ စကားသံများ ကို ဖော်ပြလိုက်ရပါသည် -

 

ဦးကျော်ကျော်ခိုင်

Managing Director OK Myanmar Co., Ltd.

ကျွန်တော်တို့နိုင်ငံမှာ ရော်ဘာပစ္စည်းနဲ့ပတ်သက်ပြီး အဝိုင်းစီးကွင်းလို ပစ္စည်းသေးသေးလေးကစပြီး စက်အကြီးတွေမှာ သုံးတဲ့ Rubber Roller အကြီးတွေအထိ နိုင်ငံတကာအဆင့်မီ အရည်အသွေးနဲ့ ထုတ်လုပ်နိုင်ပြီဆိုတာကို ပြည်သူတွေသိရှိအောင် လာရောက်ပြသတာဖြစ်ပါတယ်။ ပထမဦးဆုံး အကြိမ် ပါဝင်ပြသတာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပေမယ့် ကျွန်တော်တို့ ကြိုးစားထားတဲ့ ရော်ဘာထုတ်ကုန်တွေအတွက် ဈေးကွက်ချိတ်ဆက်မှု ရရှိခဲ့တယ်။ နောက်ပိုင်းမှာ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ အခုကတော့ ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထား ဖြန့်ဖြူးပေးနေပါတယ်။

 

ကျွန်တော်တို့ ထုတ်ကုန် ပစ္စည်းတွေကို ပြည်တွင်းမှာ အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်ပြီး ပြည်ပပို့နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ လိုအပ်ချက်လေးတွေတော့ ရှိနေပါတယ်။ အဲဒီအတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုကို မျှော်လင့်ပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်မှာ အသုံးများတဲ့ စက်မှုသုံးကြိုးတွေ၊ ကားတာယာတွေ အများကြီးလိုအပ်ပါတယ်။ ဥပမာအနေနဲ့ အများသူငါမြင်သာတဲ့ပစ္စည်းကို ပြောပြတာပါ။ ဒီပစ္စည်းတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ကောင်းမွန်စွာထုတ်လုပ်နိုင်နေပါပြီ။ စက်ပစ္စည်းတွေနဲ့ စက်ရုံအတွက် နေရာတော့လိုအပ်ပါတယ်။ အဓိကကတော့ ပြခန်းကို လာရောက် လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံမှာဒါတွေ ထုတ်လုပ်နိုင်နေပြီဆိုတာ ပြည်သူတွေ သိရှိလာမယ်၊ လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်နိုင်မယ်၊ လုပ်ငန်းတွေပူးပေါင်းပြီး ဆောင်ရွက်လာနိုင်မယ်၊ အဲဒီလိုအကျိုးကျေးဇူးတွေရှိတဲ့အတွက် ဒီလိုပြပွဲကို အမြဲမပြတ် ကျင်းပပေးစေချင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း အကျိုးကျေးဇူးများတဲ့အတွက် လာရောက် ပူးပေါင်းပါဝင်ပြသကြဖို့ ဖိတ်ခေါ်ပါတယ်။

 

ဒေါ်ဆုယဉ်ထွန်း

အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနဧရာဝတီတိုင်းဒေသကြီး ပြခန်း

ဒီပြပွဲမှာ ကျွန်မတို့ဌာနကနေ ငှက်ပျောချည်နဲ့ပတ်သက်တဲ့ ထုတ်ကုန်ကို လာရောက်ပြသတာ ဖြစ်ပါတယ်။ ငှက်ပျောချည်လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ဧရာဝတီ တိုင်းဒေသကြီးက ငှက်ပျောပင်တွေပေါများတယ်၊ မြန်မာနိုင်ငံက တချို့ဒေသတွေလည်း ငှက်ပျောပင်တွေ ပေါများကြတယ်၊ အဲဒီလိုပေါများတဲ့ ငှက်ပျောပင်ကနေ အရည်သွေးမြင့်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တယ်ဆိုတာကို ပါဝင်ပြတာဖြစ်ပါတယ်။ လက်ရှိမှာ ငှက်ပျောချည်နဲ့ လူသုံးကုန် ပစ္စည်းတွေကို စမ်းသပ်ထုတ်လုပ်နေပါတယ်။ ဒီထက်ပိုကောင်းတဲ့ အရည်အသွေးတွေနဲ့ ကောင်းမွန်တဲ့ ထုတ်ကုန်အရည်အသွေးဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။

 

ငှက်ပျောချည်ကထွက်တဲ့ ထုတ်ကုန်ကို အရည်အသွေးမြှင့်ဖို့ နည်းပညာပိုင်းတော့ လိုအပ်ပါတယ်။ ဒေသခံပြည်သူတွေကိုလည်း သင်တန်းပေးနိုင်ဖို့အတွက်ပြင်ဆင်နေပါတယ်။ အခုကတော့ ရုံးမှာပဲ စမ်းသပ်ထုတ်လုပ်ပြီး ပြသထားတာဖြစ်ပါတယ်။ အခု စမ်းသပ်ထုတ်လုပ်ထားတာကတော့ ပဝါ၊ တီဗီအစွပ်၊ ခုံအစွပ်၊ အိတ်မျိုးစုံ၊ လက်ကိုင်အိတ် စတာတွေအပြင် အဝတ်အစားတွေပါ ထုတ်လုပ်ဖို့အတွက် လက်ရှိစမ်းသပ်ထုတ်လုပ်နေပါတယ်။

 

ပြပွဲမှာ ငှက်ပျောချည်နဲ့ ပတ်သက်ပြီးတော့ လက်တွေ့ပြသထားတဲ့အတွက် ပြည်သူတွေက စိတ်ဝင်စားကြပါတယ်။ ခင်းကျင်းပြသထားတဲ့ ထုတ်ကုန်တွေကိုလည်း ဝယ်ယူကြပါတယ်။ ငှက်ပျောချည်နဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီးကောင်းမွန်အောင် လုပ်နိုင်ဖို့အတွက် အကြံဉာဏ်တွေ ပေးကြပါတယ်။ ကျွန်မတို့ ဧရာဝတီတိုင်းကနေထွက်တဲ့ ငှက်ပျောချည်နဲ့ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေ အများကြီး ထုတ်လုပ်နိုင်အောင် ကြိုးပမ်းသွားမှာပါ။

 

ဦးတင်ကို

စက်ရုံမှူး၊ Fuxing Brothers Rubber Industrial Co.,Ltd.

စက်ရုံရဲ့ အဓိကရော်ဘာကုန်ကြမ်းကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့က ရယူပါတယ်။ ကချင်၊ ရခိုင်၊ ပဲခူး၊ ရန်ကုန် စတဲ့ဒေသတွေကနေ ရော်ဘာကုန်ကြမ်း ဝယ်တာလည်းရှိပါတယ်။ ခွက် ကပ်၊ ဆွဲဖက်၊ ရော်ဘာအထူပြား၊ ‌ရော်ဘာအပါးပြားတွေကို ဝယ်ယူ ပြီးတော့ MSR -10MSR -20MSR-RSS စတဲ့ထုတ်ကုန် သုံးမျိုးကို တာယာစက်ရုံကုန်ကြမ်းအဖြစ် ထုတ်လုပ်ရောင်းချ တင်ပို့လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အရည်အသွေးပိုင်းဆိုင်ရာ ISO အသိအမှတ်ပြု လက်မှတ်လည်းရရှိထားပါတယ်။ ဒါကို အခြေခံပြီးတော့ ထုတ်ကုန်အရည်အသွေး စံချိန်စံညွှန်းနဲ့အညီ တာယာစက်ရုံတွေရဲ့ အမှာပေါ်မှာမူတည်ပြီးတော့ ထုတ်လုပ်မှုကို အရည်အသွေးမီ‌အောင် ထုတ်လုပ်ပေးထားပါတယ်။ ပြည်တွင်းအတွက်တော့ ရန်ကုန်တာယာက ကျွန်တော်တို့ရဲ့ ကုန်ကြမ်းကိုယူသုံးပါတယ်။

 

ပြပွဲမှာ ကျွန်တော်တို့ စက်ရုံရဲ့ထုတ်ကုန်တွေကို ပြသခွင့်ရတဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ရော်ဘာနဲ့ ပတ်သက်တဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ သူတို့ရဲ့ ကုန်ကြမ်းလိုအပ်ချက်တွေကို ကျွန်တော်တို့က တစ်ဖက်တစ်လမ်း ကူညီပံ့ပိုးရာရောက်ပါတယ်။ အဓိကကတော့ ဒီပြပွဲကနေ ပြည်တွင်းမှာ ဒီလို ထုတ်လုပ်နေတယ်ဆိုတာကို ပြသခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ စက်ရုံမှာ ထုတ်ကုန်တွေကို အရည်အသွေးမီမီ ထုတ်လုပ်ပြီး တရုတ်နိုင်ငံက တာယာစက်ရုံတွေကို တင်ပို့နေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက နိုင်ငံတော်က ပို့ကုန်မူဝါဒတွေ ပြောင်းလဲတဲ့အတွက် ကျွန်တော်တို့လို ကုမ္ပဏီတွေအနေနဲ့ ပိုပြီးလုပ်ကိုင်နိုင်စွမ်း ရှိလာပါတယ်။ ဒီထက်မက ထုတ်လုပ်နိုင်အောင်လည်း ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

 

ဦးဟန်ရွှေ

အေးချမ်းသာ စံပြကျေးရွာ၊တပ်ကုန်းမြို့နယ်

ကျွန်တော်က တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာကနေ လာရောက်ပြီးတော့ ပစ္စည်းတွေ ဝယ်ယူတာ ဖြစ်ပါတယ်။ ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ပြခန်းမှာ ဒေသထုတ်ကုန်ပစ္စည်းတွေ၊ ရိုးရာအဝတ်အစားတွေကို ဝင်ရောက်လေ့လာ ကြည့်ရှုဖြစ်ပါတယ်။ ပြခန်းတွေမှာ ခင်းကျင်းပြသရောင်းချတဲ့ပစ္စည်းတွေရဲ့ ဈေးနှုန်းက အများကြီးသက်သာပါတယ်။ ကျွန်တော်ကတော့ ပြည်တွင်းထုတ် တာယာလေးလုံး ဝယ်ယူခဲ့ပါတယ်။ ကိုယ့်ပြည်တွင်းထုတ် တာယာတွေ ဈေးနှုန်းလည်းသက်သာပြီး အရည်အသွေးလည်း ကောင်းမွန်ပါတယ်။ ဒါကြောင့် အရင်ကတည်းက ဝယ်ယူအသုံးပြုတာပါ။

 

ဦးဟိန်းထွဋ်အောင်

နေပန်းအထည် လက်လီ/လက်ကားဖြန့်ဖြူးရေး

ကျွန်တော်က နေပြည်တော်အတွင်း မြို့နယ်တွေနဲ့ နယ်ဘက်တွေမှာ ချုပ်ထည်တွေကို လိုက်လံ ဖြန့်ဖြူးရောင်းချပါတယ်၊၊ ကျွန်တော်တို့ ကိုယ်တိုင်ချုပ်လုပ်တာတွေရှိတယ်၊ တချို့ကို စက်ရုံတွေဆီက တစ်ဆင့် ဖြန့်ဖြူးရောင်းချတာတွေရှိတယ်၊၊ ဒီပြပွဲမှာ လာရောက်ရောင်းချရခွင့် ရတဲ့အတွက် ကိုယ့်ရဲ့ဆိုင်ကို အများပြည်သူလာရောက် ဝယ်ယူတဲ့အခါ ကိုယ်ရဲ့ဆိုင်နာမည် ပြောခွင့်ရမယ်၊ ကိုယ်ရဲ့ ထုတ်ကုန်တွေကိုလည်း ကြော်ငြာခွင့်ရမယ်၊ ကိုယ့်ပစ္စည်းတွေက အရည်အသွေး ဘယ်လို ရှိတယ်ဆိုတာကို သိရှိသွားကြတဲ့အတွက် အကျိုးအများကြီးရှိပါတယ်။

 

ကျွန်တော်တို့ကချုပ်ရုံအဖြစ် လုပ်ကိုင်ဖို့ကြိုးစားဆောင်ရွက်နေပါတယ်။ အခုကတော့ တချို့ထုတ်ကုန် လုပ်ငန်းရှင်တွေနဲ့ လက်တွဲပြီး ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်၊၊ ဒီ MSME ပြပွဲမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူ လုပ်ငန်းရှင်တွေကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်၊၊ ဒီပြပွဲကနေ ကိုယ့်ရဲ့ ထုတ်ကုန်တွေက ဘာတွေလဲဆိုတာကို အများပြည်သူသိရှိအောင် ချပြလို့ရမယ်။ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကို အရည်အသွေး ကောင်းကောင်းနဲ့ ဘယ်လိုအမျိုးအစားတွေထုတ် လုပ်ရောင်းချတယ်ဆိုတာ အများ ပြည်သူကို တိုက်ရိုက်ထိတွေ့ ကြော်ငြာခွင့်ရတာမို့ ကိုယ့်ရဲ့လုပ်ငန်း တိုးတက်ဖို့ ကြိုးစားခွင့်ရတဲ့ နေရာကောင်းတစ်ခုပါ။

 

ဒေါ်ရီရီဝင်း

အောင်ထွန်းဖိနပ်ဆိုင်

ပြင်ဦးလွင်ကနေ လာရောက်ရောင်းချတာဖြစ်ပါတယ်၊၊ ကျွန်မဆိုင်မှာက ရန်ကုန်နဲ့ မန္တလေးက ထုတ်လုပ်တဲ့ ပြည်တွင်းထုတ်ဖိနပ်တွေကိုပဲမှာယူပြီး ဖြန့်ဖြူးရောင်းချတာဖြစ်ပါတယ်၊၊ ဖိနပ် ဒီဇိုင်းကတော့ အစုံရောင်းပါတယ်၊၊ ဒီ MSME ပြပွဲကြီးမှာတော့ ပထမဦးဆုံးအကြိမ် လာရောက် ရောင်းချခြင်း ဖြစ်ပါတယ်၊၊ ပထမဆုံးဖြစ်ပေမယ့် အများကြီး ရောင်းရပါတယ်။ ဒီလိုပြပွဲကြီးမှာ ရောင်းချခွင့်ရတဲ့အတွက် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်၊၊

 

ဒေါ်မြသန္တာ

ရွှေခြင်္သေ့ မုန့်မျိုးစုံရောင်းဝယ်ရေး

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က လာရောက်ပြီး ရောင်းချတာ ဖြစ်ပါတယ်၊၊ နေပြည်တော်ဒေသ ထွက်ထုတ်ကုန်တွေပဲ အဓိကထားရောင်းချတာဖြစ်ပြီးတော့ ဒေသထွက် ထုတ်ကုန်တွေဖြစ်တဲ့ နေကြာစေ့၊ ကြက်သွန်ပေါင်းကြော်နဲ့ အာလူးကြော် စတာတွေ ကို စုံစုံလင်လင် ပြသရောင်းချပါတယ်၊၊ ပြပွဲစတဲ့ရက်ကတည်းက တော်တော်လေး ရောင်းအားကောင်းပြီး ပစ္စည်းတွေ ပြတ်လပ်တဲ့အထိ ရောင်းချခဲ့ရပါတယ်၊၊ ပြပွဲတစ်ရက်ပြီးတစ်ရက် ရောင်းအားကောင်းလာတဲ့အတွက် အင်မတန် ဝမ်းသာရပါတယ်၊၊ ဒီပြပွဲမှာ ကိုယ်တိုင်ထုတ်လုပ်ရောင်းချနိုင်တဲ့ အသေးစား ထုတ်ကုန်ပစ္စည်းတွေ လာရောက် ရောင်းချရတာဖြစ်တဲ့အတွက် ကိုယ့်ပစ္စည်းတွေကို အများပြည်သူ သိရှိသွားတယ်၊ ဈေးကွက်လည်း ရရှိလာတယ်၊၊ ဈေးနှုန်းကိုလည်း သက်သက်သာသာနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်၊၊

 

အောင်ဂျိုင်းကျော်

ဓာတ်ပုံ-အောင်မင်းထွန်း