ရန်ကုန် ဖေဖော်ဝါရီ ၁၅
ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ရိုးတွင်းခြင်ဆီ အစားထိုး ကုသဌာန(Bone marrow Transplant Centre)သို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း၌ ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာလူနာ လေးဦးအား ခြင်ဆီ အစားထိုးကုသခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံ အုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာလေးဦးမှာ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ၆၃ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင် မြို့နယ်မှ ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်မှ ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုး ကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး ဆောင်ရွက်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၌ ခုနစ်ထပ်ကုသဆောင်သစ် ဖွင့်လှစ်ခဲ့ရာ သွေးရောဂါအထူးကုဌာန၌ ရိုးတွင်းခြင်ဆီအစားထိုးကုသဌာနကို ပိုမိုပြည့်စုံကောင်းမွန်သော ဌာနအဖြစ် တိုးချဲ့ထည့်သွင်း တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ပိုမိုဆောင်ရွက်နိုင်ခဲ့ ပြီး ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ်အတွင်းလူနာ ၁၀ ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်အထိ လူနာလေးဦး စုစုပေါင်းလူနာ ၂၉ ဦးကို ဆောင်ရွက်နိုင်ခဲ့သည်။
ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းကို ပြည်ပနိုင်ငံများတွင် ပြုလုပ်ပါက ကျန်းမာရေးကုန်ကျစရိတ် များစွာကုန်ကျနိုင်ပြီး ပြည်သူများကျန်းမာရေး ကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်း၌ ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


