နေပြည်တော် ဖေဖော်ဝါရီ ၁၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်တွင် မြဝတီမြို့နယ် အမှတ်(၅) ရပ်ကွက်နှင့် အမှတ် (၆)ရပ်ကွက်တို့အတွင်း၌ ယာဉ်သုံးစီးပေါ်မှ တရားမဝင်စက်သုံးဆီ ဓာတ်ဆီဂါလန် ၅၉၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၇၂၀၀၀၀) နှင့် အဆိုပါ စက်သုံးဆီများတင်ဆောင်လာသည့် လိုင်စင်ရှိ Mitsubishi L200 Pick Up တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ယင်းစက်သုံးဆီများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀) အား ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၇၂၀၀၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရေတာရှည်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် သုည ဒသမ ၇၈၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း၌ လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ကိုးမှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၇၉၈၀၀၀)ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ချင်းပြည်နယ်တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဟားခါးမြို့နယ် ဈေးဟောင်းရပ်ကွက်၌ လိုင်စင်မဲ့ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပန်းတောင်းမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ပဲခူးမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၉၇၆ တန်၊ အခြားသစ် ၂၀ ဒသမ ၄၂၁ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၄၅၄၂၀၂၈ ကျပ် ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ငါးမှု (ခန့်မှန်းတန်ဖိုးငွေ ၁၄၅၄၂၀၂၈ ကျပ်)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ယင်းတရားမဝင် တင်သွင်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


