ရန်ကုန် ဖေဖော်ဝါရီ ၁၉

 

ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၏ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သည့် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ဂေါရန်ဂျီ ကမ်းခြေနှင့် ပုသိမ်မြို့ရှိ အထင်ကရနေရာများသို့ ပြည်တွင်း ပြည်ပခရီးသွား ၆၀၀၀၀ ကျော် ဝင်ရောက် အပန်းဖြေခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ပိတ်ရက်ရှည်ကာလ ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိ ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းခရီးသွား ၂၈၁၇၃ ဦး၊ ပြည်ပခရီးသွား ၉၀၇ ဦး၊ ချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီး သွား ၃၀၅၅၅ ဦး၊ ပြည်ပခရီးသွား ၁၁၅ ဦး၊ ရွှေသောင်ယံကမ်းခြေသို့ ပြည်တွင်း ခရီးသွား ၉၁၉ ဦး၊ ပြည်ပခရီးသွား ၈၂ ဦး၊ ဂေါ်ရန်ဂျီကျွန်းသို့ ပြည်တွင်းခရီးသွား ၂၃၀ နှင့် ပုသိမ်မြို့ရှိ အထင်ကရနေရာများသို့ ပြည်တွင်းခရီးသွား ၅၉၄၇ ဦး၊ ပြည်ပခရီးသွား ၆၈ ဦး စုစုပေါင်း ၆၆၉၉၆ ဦး တည်းခိုအပန်းဖြေခဲ့သည်။

 

၂၀၂၅ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ပြည်တွင်း/ပြည်ပ ခရီးသွား ၁၅၂၁၆၁၉ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ၏ နှစ်သစ်ဦးတွင် ခရီးသွားစည်ကားခဲ့ကာ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ၌ ယမန်နှစ်ကထက် ခရီးသွားဝင်ရောက်မှု ပိုမိုများလာနိုင်ကြောင်း ခရီးသွားဝန်ဆောင်မှုနှင့် ဟိုတယ်လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

 

ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများတွင် ပြည်တွင်း/ပြည်ပခရီးသွားများ အပန်းဖြေတည်းခိုနိုင်ရန် ငွေဆောင်ကမ်းခြေ၌ ဟိုတယ် ၃၈ လုံး၊ စည်ပင် တည်းခိုခန်း ၆၆ လုံး၊ ချောင်းသာကမ်းခြေ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၂ လုံး၊ စည်ပင်တည်းခိုခန်း အလုံး ၆၀၊ ရွှေသောင်ယံ ကမ်းခြေ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ခြောက်လုံး၊ ပုသိမ်မြို့၌ ဟိုတယ်နှင့်တည်းခို ရိပ်သာ ၂၃ လုံး၊ စည်ပင်တည်းခိုခန်း ၆၈ လုံးတို့ကို ဖွင့်လှစ်ခဲ့သည်။

 

၂၀၂၆ ခုနှစ်တွင် နှစ်သစ်ကူးပိတ်ရက်များ၌ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း များသို့ ပြည်တွင်း/ပြည်ပ ခရီးသွား ၂၂၇၇၃ ဦး ဝင်ရောက်အပန်းဖြေခဲ့ပြီး ဖေဖော်ဝါရီလ ပိတ်ရက်ရှည်ကာလ၌ ပြည်တွင်း/ပြည်ပခရီးသွား ၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံများမှ ပြည်ပ ခရီးသွားများ အများဆုံးတည်းခိုအပန်း ဖြေခဲ့ကြကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ - ကိုလွင်