ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီ တိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့တွင် တည်ထား ကိုးကွယ်တော်မူသော သမိုင်းဝင် ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် မော်တင်စွန်း ဘုရားဖူးရင်း ငွေတောင်ကမ်းခြေ၌ ရေကူးအပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မော်တင်စွန်းဘုရားသို့ လာရောက်ဖူးမြော်ကြသည့် မိဘပြည်သူများသည် မနက်အေးအေးနှင့် ညနေအေးအေးတွင် မော်တင်စွန်းဘုရားကြီးကို ဖူးမြော်ကြည်ညိုကြပြီး နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ငွေတောင်ကမ်းခြေ သို့သွားရောက်၍ ရေကူးခြင်း၊ သန့်ရှင်းလတ်ဆတ်သည့် ပင်လယ်စာနှင့် ဒေသရိုးရာအစားအစာများ စားသုံးခြင်း၊ ကျောက်ဆောင်များပေါ်တွင် အမှတ်တရ အလှဓာတ်ပုံများရိုက်ကူးခြင်းနှင့် ပင်လယ်ကမ်းခြေတွင် မိသားစုများနှင့်အတူ အနားယူအပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ငွေတောင်ကမ်းခြေသည် မော်တင်စွန်းဘုရားနှင့် အနီးဆုံးကမ်းခြေဖြစ်ပြီး ဘုရားပွဲတော်ကာလအတွင်း စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဘုရားဖူးဧည့်သည် ၄၀၀၀ ကျော် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


