ရန်ကုန် ဖေဖော်ဝါရီ ၂၂
Yoma Groupမှ ကြီးမှူး၍ ၂ဝ၂၆ ရိုးမ-ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲ(၁)ရှေ့၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)ရှေ့မှ တာလွှတ်သည့်နေရာထိ ၂၁ ကီလိုမီတာ (တစ်ဝက်မာရသွန်)၊ ၁၀ ကီလိုမီတာ(စိန်ခေါ်ပြေးပွဲ)နှင့် ၅ ကီလိုမီတာ (အပျော်တမ်းပြေးပွဲ) (အမျိုးသား/အမျိုးသမီး)တို့တွင် ပြိုင်ပွဲဝင် ၇၀၀၀ ကျော်တို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အပြေးပြိုင်ပွဲ တို့တွင် ပန်းဝင်လာသည့် အားကစားသမားများကို အားပေးကြိုဆိုကြသည်။
အဆိုပါ အပြေးပြိုင်ပွဲတွင် ၂၁ ကီလိုမီတာ (တစ်ဝက်မာရသွန်)၊ ၁၀ ကီလိုမီတာ(စိန်ခေါ်ပြေးပွဲ) နှင့် ၅ ကီလိုမီတာ(အပျော်တမ်းပြေးပွဲ) (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတို့တွင် ပြိုင်ပွဲဝင်အားကစားသမား များက ပါဝင်ဆင်နွှဲယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ပန်းဝင်လာသူများအား ဆုတံဆိပ်တစ်ခုစီ ပေးအပ်သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို စတင်ရာ ပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။
ယမန်နေ့က တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် ဗိုလ်ချုပ်လမ်းထိပ်၊ အဆင့်မြှင့်မှတ်တိုင်အနီးနှင့် ပီမိုးနင်းလမ်းထိပ်တို့တွင် လူသွားပလက်ဖောင်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၄) လမ်းမကြီးတစ်လျှောက် တညင်းကုန်းလမ်းဆုံ ရထားသံလမ်းအနီး၌ ရှစ်လမ်းသွားကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်းနှင့် လမ်းမီးတိုင်များ ဆောင်ရွက်ထားရှိမှု၊ ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်အနီး တကူခြံချောင်းတံတား တိုးချဲ့တည်ဆောက်နေမှု၊ ကန်သာယာလမ်းဆုံအနီး ၆၆ KV လှော်ကားရွာမသံမဏိဓာတ်အားလိုင်းတိုင် ဖြုတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မြသိန်းတန်ဘုန်းကြီးကျောင်းရှေ့၌ အုတ်ဖိုချောင်းတံတား တိုးချဲ့တည်ဆောက်ခြင်း၊ ရှစ်လမ်းသွားကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်းနှင့် လမ်းရှိ လမ်းလယ်ပန်းဘောက်နှင့် လျှပ်စစ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု၊ လိပ်ပုတ်ချောင်းအနီး ရှစ်လမ်းသွားကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်တိုအတွင်း ပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


