အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် (၂၈)အဖြစ် ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ စပါးအသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ၃၂ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ အက်ဇီက နှစ်ဂိုး၊ ၄၇ မိနစ်နဲ့ သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို လေးမိနစ်တို့မှာ ဂျိုကာရက်စ်က နှစ်ဂိုးသွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။
စပါးအသင်းအတွက် ချေပဂိုး တစ်ဂိုးကိုတော့ ၃၄ မိနစ်မှာ မူယာနီက သွင်းယူပေးခဲ့ပါတယ်။
အခုပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တဲ့ အက်ဇီဟာ နိုဝင်ဘာလအတွင်းက စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန် ဒန်ဒါဘီပွဲစဉ်မှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဝုလ်ဗာဟမ်တန်အသင်းကို တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တာကြောင့် အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးအသင်းနဲ့ ရမှတ်နှစ်မှတ်ကွာအနေအထားကို ရောက်ရှိခဲ့ပေမယ့် စပါးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဇယားထိပ်မှာ ငါးမှတ်ဖြတ်ဖြင့် ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီးချိန်မှာ ရမှတ် ၆၁ မှတ်အထိ စုဆောင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် မတ် ၁ ရက် မှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး စပါးအသင်းကတော့ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ငွေကြယ်


