ရန်ကုန် မတ် ၃
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၅ မှ ရွှေ့ဆိုင်းထားသော ရခိုင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲကို မတ် ၂ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ခြောက်ဂိုး ပြတ်အနိုင်ရရှိပြီး ထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပွဲကျန်တွင် ရခိုင်ယူနိုက်တက်အသင်းကို ဂိုးဒါဇင်ဝက်သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်းကို ပွဲတူ တစ်မှတ်အသာရယူကာ ထိပ်ဆုံးနေရာ ပြန်လည်ရယူခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံဆုကာကွယ်ရန် အမှားမခံသည့်အချိန်ဖြစ်သောကြောင့် အမာခံကစားသမားအစုံအလင်အသုံးပြုကာ ဂိုးပြတ်နိုင်ပွဲ ရယူခဲ့ခြင်းဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ယခုရှုံးပွဲကြောင့် တန်းမဆင်းရရေး ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစ ၁၄ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ကွင်းလယ်ကစားသမား ယူဂျီဟီရိုတာက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ဂိုးများဆက်တိုက်သွင်းယူခဲ့သဖြင့် ဂိုးပြတ်နိုင်ပွဲရခဲ့ပြီး ၅၄ မိနစ်တွင် ခွန်ကျော်ဇင်ဟိန်း၊ ၆၀၊ ၉၀+၃ မိနစ်တွင် ဘာကာယိုကို၊ ၆၆ မိနစ်တွင် စအောင်ပြည့်ကို၊ ၇၉ မိနစ်တွင် သူရိန်ထွန်းတို့က ဂိုးများ ထပ်မံသွင်းယူခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပွဲကျန်တွင် အနိုင်ရပြီးနောက် ရမှတ် ၄၉ မှတ်ဖြင့် ထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၄၈ မှတ်ဖြင့် ဒုတိယနေရာ ပြန်ဆင်းပေးခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် လက်ကျန်သုံးပွဲစလုံး အနိုင်ကစားနိုင်ပါက ချန်ပီယံဆုကာကွယ်နိုင်မည်ဖြစ်ပြီး MNL အမှတ်ပေးချန်ပီယံဆုကို ခြောက်ရာသီဆက်နှင့် ခုနစ်ကြိမ်မြောက် ရယူနိုင်မည်ဖြစ်သည်။
လက်ကျန်ပွဲအနေအထားအရလည်း ချန်ပီယံဆုကာကွယ်နိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်ထားပြီး ရန်ကုန်ယူနိုက်တက်အသင်းမှာမူ ချန်ပီယံမျှော်လင့်ချက်ရှိနေသော်လည်း လက်ကျန်ပွဲအားလုံး အနိုင်ရရန်လိုအပ်သည့်အပြင် ရှမ်းယူနိုက်တက်အသင်း ခြေချော်မှသာ မျှော်လင့်နိုင်မည် ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL


